အေသင်မြို့အနီး လေကြောင်းပြပွဲမှာ ဂရိ F-4 တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ၂ ဦး သေဆုံး
စက်တင်ဘာ ၆
ဂရိနိုင်ငံ၊ အေသင်မြို့မြောက်ဘက် တာနာဂရာ လေတပ်စခန်းမှာ စက်တင်ဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ လေကြောင်းပြပွဲအတွင်း ဂရိလေတပ်ရဲ့ F-4 Phantom တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
လေယာဉ်ဟာ လေတပ်စခန်းကနေ ၂ ကီလိုမီတာခန့်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပြီး အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတော့ မရရှိသေးဘူးလို့ တာဝန်ရှိသူ ၂ ဦးက ရိုက်တာကို ပြောပါတယ်။
ဂရိအစိုးရပိုင် ERT ရုပ်သံက ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းမှာ F-4 တိုက်လေယာဉ်ဟာ မြေပြင်အထက် မီတာအနည်းငယ်သာမြင့်တဲ့ အနေအထားနဲ့ ညာဘက်ကို ကွေ့ပျံသန်းပြီး စက္ကန့်ပိုင်းအကြာမှာ ပျက်ကျကာ မီးလုံးကြီးအဖြစ် ပေါက်ကွဲလောင်ကျွမ်းသွားတာကို တွေ့ရပါတယ်။
ပျက်ကျမှုကြောင့် အနီးအနားရှိ တောအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးငြှိမ်းသတ်ရေးအတွက် မီးသတ်လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၁၁ စင်း အသုံးပြုခဲ့ရပါတယ်။
မျက်မြင်သက်သေတစ်ဦးကတော့ လေယာဉ်ဟာ ပျံတက်ပြီး ၃ မိနစ်တောင် မပြည့်ခင် ပျက်ကျခဲ့တာကြောင့် အားလုံး အံ့အားသင့်ခဲ့ရတယ်လို့ ERT ရုပ်သံကို ပြောဆိုထားပါတယ်။
အဆိုပါ F-4 တိုက်လေယာဉ်ဟာ နိုင်ငံပေါင်းများစွာက စစ်ဘက်နဲ့ အရပ်ဘက် လေကြောင်းအဖွဲ့တွေ ပါဝင်တဲ့ နှစ်စဉ်ကျင်းပတဲ့ Athens Flying Week လေကြောင်းပြပွဲမှာ ပါဝင်ပျံသန်းနေစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel