ဟောင်ကောင်မော်ဒယ် အသတ်ခံရမှု ဟင်းရည်အိုးထဲမှာ ဦးခေါင်းခွံ တွေ့ရှိခဲ့တယ်လို့ဆို
အောက်တိုဘာ ၃
ဟောင်ကောင်မော်ဒယ်နဲ့ အွန်လိုင်းအင်ဖလူယန်ဆာ အက်ဘီ ချွိုင် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သူမရဲ့ ဦးခေါင်းကို မုန်လာဥနီနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်တဲ့ ဟင်းရည်အိုးထဲမှာ ချက်ပြုတ်ထားတဲ့ အခြေအနေနဲ့ တွေ့ရှိခဲ့တယ်လို့ ဟောင်ကောင်အထက်တရားရုံးရဲ့ ကြားနာမှုအတွင်း သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် အက်ဘီ ချွိုင်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ ပျောက်ဆုံးခဲ့ပြီး ၃ ရက်အကြာမှာ ဟောင်ကောင်၊ တိုင်ပိုခရိုင်က ငှားရမ်းထားတဲ့ တိုက်ခန်းတခုက ရေခဲသေတ္တာထဲမှာ သူမရဲ့ အလောင်းအစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။
အဆိုပါတိုက်ခန်းကို ယာယီသားသတ်ရုံသဖွယ် ပြင်ဆင်ထားပြီး အသားလှီးစက်နဲ့ လျှပ်စစ်လွှတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် မုန်လာဥနီနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်တဲ့ ဟင်းရည်အိုးထဲမှာ အက်ဘီ ချွိုင်ရဲ့ ဦးခေါင်းကို တွေ့ရှိခဲ့ပြီး ခြေထောက်တွေကိုတော့ တိုက်ခန်းအတွင်းရှိ ရေခဲသေတ္တာထဲမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အစိုးရရှေ့နေတွေရဲ့ အဆိုအရ လူသတ်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းဟာ ဟိုမန်တင်အရပ်က ဟောင်ကောင်ဒေါ်လာ ၇၂ သန်းတန် ဇိမ်ခံတိုက်ခန်း ရောင်းချမှုနဲ့ ပတ်သက်ပြီး အငြင်းပွားရာကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။
အက်ဘီ ချွိုင်ဟာ တံဆိပ်ခေါင်းခွန် သက်သာစေဖို့အတွက် ယောက္ခမဟောင်းဖြစ်သူ ကွမ်ကောရဲ့ အမည်ပေါက်နဲ့ အဆိုပါတိုက်ခန်းကို ဝယ်ယူပေးခဲ့တာဖြစ်ပေမဲ့၊ နောက်ပိုင်းမှာ ပြန်လည်ရောင်းချဖို့ စီစဉ်ရာကနေ မကျေလည်မှုတွေ ပြင်းထန်လာခဲ့တာလို့ အစိုးရရှေ့နေ ရှာလော့ ဒရေးကော့တ်က ထွက်ဆိုထားပါတယ်။
အမှုစစ်ရှေ့နေတွေကတော့ အက်ဘီ ချွိုင်ကို သူ့ရဲ့ ခင်ပွန်းဟောင်း အဲလက်စ် ချွိုင်၊ ယောက္ခမဟောင်း ကွမ်ကောနဲ့ ခင်ပွန်းဟောင်းရဲ့ ညီဖြစ်သူ အန်သိုနီ ချွိုင်တို့က ပူးပေါင်းသတ်ဖြတ်ခဲ့တာလို့ စွဲချက်တင်ထားပြီး သူတို့သုံးဦးစလုံးကတော့ လူသတ်မှု မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။
ဒီအမှုကို ဟောင်ကောင် အထက်တရားရုံးမှာ ဂျူရီအဖွဲ့ဝင် ၉ ဦးပါ အဖွဲ့က စစ်ဆေးနေပြီး အစိုးရရှေ့နေတွေက အမှုနဲ့ပတ်သက်တဲ့ သက်သေခံချက်တွေကို ဆက်လက်တင်ပြနေသလို ကြားနာမှုဟာ ရက်သတ္တပတ် ၈ ပတ်ခန့် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
Ref & Photo: The Independent
မြို့တော် News Channel