တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ
ဇူလိုင် ၇
တရုတ်နိုင်ငံတောင်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်း မေဆက် မုန်တိုင်းကြောင့် ရေကာတာတွေကျိုးပေါက်ပြီး အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေရပါတယ်။
ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့မှာ မုန်တိုင်းကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅၅,၀၀၀ ခန့် မုန်တိုင်းဒဏ်သင့်နေပါတယ်။ ရေလှောင်တမံ ၃ ခုမှာ ရေလျှံတာနဲ့ အတားအဆီးတွေ ကျိုးပေါက်တာကြောင့် လူပေါင်း ၄၈,၀၀၀ ခန့်ကို ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ပြောင်းပေးခဲ့ရပါတယ်။
တရုတ်အာဏာပိုင်တွေအနေနဲ့ ရေဘေးကာကွယ်ရေး အရေးပေါ်တုံ့ပြန်မှုကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ထားရပြီး၊ အနီးအနားက ကွေ့ကန်မြို့နဲ့ ဖန်ချန်ကန်မြို့တွေမှာလည်း လမ်းမတွေပေါ် ရေလျှံပြီး ကားတွေ၊ ဆိုင်ကယ်တွေ ရေထဲမျောပါတဲ့အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံမြောက်ပိုင်း အင်နာမွန်ဂိုလီးယားနဲ့ လျှောင်နင်းပြည်နယ်တို့မှာလည်း မိုးသည်းထန်ပြီး ရုတ်တရက်ရေကြီးမှုကြောင့် နောက်ထပ် လူ ၅ ဦး သေဆုံးခဲ့ပါသေးတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာဘက်ကနေ တစ်နာရီ မိုင် ၁၈၀ နှုန်းနဲ့ ထိုင်ဝမ်ဘက်ကို ဦးတည်လာနေတဲ့ စူပါတိုင်ဖုန်း ဘာဗီ (Bavi) အတွက်လည်း သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ အဆိုပါမုန်တိုင်းကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
ကျွမ်းကျင်သူတွေကတော့ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒီလိုပြင်းထန်ရာသီဥတုဘေးတွေဟာ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ထိခိုက်ဆုံးရှုံးစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။
လာမယ့်ရက်ပိုင်းတွေမှာလည်း လူဦးရေ သန်း ၁၅၀ ကျော် နေထိုင်တဲ့ ကွမ်ရှီး၊ ကွေ့ကျိုးနဲ့ ဟူနန်ဒေသတွေမှာ မိုးသက်မုန်တိုင်းတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ တရုတ်မိုးလေဝသဌာနက သတိပေးထားပါတယ်။
Ref & Photo; The Guardian
မြို့တော် News Channel