မြောက်ကိုရီးယားနဲ့ ရုရှားကြား ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြစ်လာမယ့် ကားလမ်းတံတား ဖွင့်လှစ်
စက်တင်ဘာ ၈
မြောက်ကိုရီးယားနဲ့ ရုရှားဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ပြသတဲ့အနေနဲ့ တူမန်မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားကို စက်တင်ဘာ ၇ ရက်က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။
အလျား ၁ ကီလိုမီတာရှိပြီး နှစ်လမ်းသွားဖြစ်တဲ့ အဆိုပါတံတားဖွင့်ပွဲကို ရုရှားဝန်ကြီးချုပ် မီခါအီးလ် မီရှူးစတင်နဲ့ မြောက်ကိုရီးယား ဝန်ကြီးချုပ် ပတ်ထယ်ဆောင်းတို့က ဗီဒီယိုလင့်ခ်ကနေတဆင့် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
တံတားတည်ဆောက်ရေးကို ၂၀၂၄ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ချိန်က သဘောတူခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ စတင်တည်ဆောက်ခဲ့တာလို့ သိရတယ်။
အဆိုပါတံတားဟာ နှစ်နိုင်ငံအကြား ပထမဆုံးသော ကားလမ်းဆက်သွယ်မှုဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ် အစီးရေ ၃၀၀ အထိ ဖြတ်သန်းနိုင်မှာ ဖြစ်ကာ လောလောဆယ်မှာတော့ ကုန်တင်ယာဉ်တွေ စတင်ဖြတ်သန်းနေပြီဖြစ်သလို ဒီနှစ်မကုန်ခင်မှာတော့ ခရီးသည်တင်ယာဉ်တွေပါ ပြေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တံတားကို ၁၉၄၆ ခုနှစ်က မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်အီဆွန်းကို အသက်ဘေးက ကယ်တင်ခဲ့ဖူးတဲ့ ရုရှားစစ်သည် ယာကော့ဗ် နိုဗီချန်ကိုရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားပါတယ်။
ရုရှားဝန်ကြီးချုပ်ကတော့ ဒီတံတားဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုရဲ့ ပြယုဂ်သစ်ဖြစ်တယ်လို့ ပြောဆိုခဲ့သလို ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်ကနေ ရပ်တည်တိုက်ခိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယားစစ်သည်တွေကိုလည်း ထည့်သွင်းချီးကျူးသွားပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဂယောင်းနမ်တက္ကသိုလ်က ပါမောက္ခ လင်အူးချောကတော့ ဒီတံတားဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ထိရောက်မှု လျော့နည်းလာနေတဲ့အခြေအနေကို ပြသနေတယ်လို့ သုံးသပ်ပါတယ်။
ရုရှားအနေနဲ့လည်း ယူကရိန်းစစ်ပွဲအတွက် လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ၊ ခဲယမ်းမီးကျောက်နဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ရိုက် သယ်ယူပို့ဆောင်နိုင်မယ့် လမ်းကြောင်းသစ်တစ်ခု ရရှိလာတာဖြစ်တယ်လို့ ပါမောက္ခ လင်အူးချောက ဆိုပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel