မြောက်ကိုရီးယားက သုံးနာရီအတွင်း ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်
စက်တင်ဘာ ၂၁
မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းကနေ သုံးနာရီအတွင်း ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည် ၂ စင်းကို စက်တင်ဘာလ ၂၀ ရက်နေ့က ဆက်တိုက် ပစ်လွှတ်စမ်းသပ်လိုက်ပါတယ်။
ဒါဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် စမ်းသပ်မှုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးရဲ့ ထုတ်ပြန်ချက်အရ ပထမဒုံးကျည်ကို ဝမ်ဆန်း ဒေသကနေ နေ့လယ် ၃ နာရီမှာ စတင်ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၄၅၀ အကွာအဝေးအထိ ရောက်ရှိခဲ့သလို ဒုတိယမြောက် တာတိုပစ်ဒုံးကျည်ကိုတော့ ညနေ ၅ နာရီ ၅၀ မိနစ်မှာ ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၆၀၀ ကျော်အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဒုံးကျည်တွေဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ပြင်ပ ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်။
ဒီလို စမ်းသပ်မှုအပေါ် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီက ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက်ချိုးဖောက်တာဖြစ်လို့ ရန်စတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
အမေရိကန် ပစိဖိတ်စစ်ဌာနချုပ် (US Pacific Command) ကလည်း မဟာမိတ်တွေနဲ့အတူ အနီးကပ် စောင့်ကြည့်နေပြီး လက်ရှိမှာတော့ တိုက်ရိုက်ခြိမ်းခြောက်မှု မရှိသေးဘူးလို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့တုန်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံးအန်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက အမေရိကန်ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့သလို နိုင်ငံရဲ့ နျူကလီးယားလက်နက် တပ်ဆင်ရေးလမ်းစဉ်ကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ သတိပေးပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel