အင်ဒိုနီးရှားမှာ အခမဲ့ကျောင်းနေ့လယ်စာစားပြီး လူ ၂,၀၀၀ ကျော် အစာအဆိပ်သင့်၊ အမြန်စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
စက်တင်ဘာ ၄
အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရရဲ့ အခမဲ့ကျောင်းနေ့လယ်စာ ကျွေးမွေးရေးအစီအစဉ်နဲ့ ဆက်စပ်ပြီး အစာအဆိပ်သင့်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံရဲ့ ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
အဆိုပါအစီအစဉ်ကို အာဟာရချို့တဲ့မှု ပပျောက်ရေးအတွက် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက မနှစ်က စတင်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေကို အခမဲ့နေ့လယ်စာ ကျွေးမွေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစီအစဉ်အရ ကျွေးမွေးတဲ့ နေ့လယ်စာတွေ စားသုံးပြီး ဒီတစ်ပတ်အတွင်း ကျောင်းသားနဲ့ ဆရာ၊ ဆရာမ ၂,၀၀၀ ကျော် အစာအဆိပ်သင့်ခဲ့ရပါတယ်။
လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ ကွန်မနက်စ် ဟမ် (Komnas HAM) က အဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့ အစားအစာချက်ပြုတ်ရေးစင်တာတွေကို ယာယီရပ်ဆိုင်းထားဖို့ အစီအစဉ်ကို ကြီးကြပ်နေတဲ့ အမျိုးသား အာဟာရဆိုင်ရာ အေဂျင်စီကိုလည်း တောင်းဆိုထားပါတယ်။
စက်တင်ဘာ ၃ ရက်မှာ တောင်ဆူလာဝေစီပြည်နယ် တာနာတိုရာဂျာဒေသမှာလည်း အခမဲ့နေ့လယ်စာ စားသုံးပြီး ကျောင်းသားနဲ့ ဆရာ၊ ဆရာမ ၁၇၀ ဝန်းကျင် အဆိပ်သင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမတိုင်ခင် အလယ်ပိုင်းဂျာဗား၊ အရှေ့ဂျာဗားနဲ့ အနောက်ဆူမာတြာပြည်နယ်တွေမှာလည်း အလားတူ အစာအဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁,၇၀၀ ကျော် ဆေးကုသမှုခံယူခဲ့ရပါတယ်။ အရှေ့ဂျာဗားမှာတော့ ကျောင်းသား ၂၅၆ ဦး ထပ်မံအဆိပ်သင့်ခဲ့တယ်လို့ CNN Indonesia က ဖော်ပြပါတယ်။
အင်ဒိုနီးရှား လွှတ်တော်အမတ် ချားလ်စ် ဟိုနိုရစ်က ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး စက်တင်ဘာ ၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၅၀,၀၀၀ ဝန်းကျင် အစာအဆိပ်သင့်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အစာအဆိပ်သင့်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတာနဲ့အတူ အစိုးရရဲ့ အခမဲ့ကျောင်းနေ့လယ်စာ အစီအစဉ်အပေါ် လူထုထောက်ခံမှုလည်း ကျဆင်းလာနေပါတယ်။ ဇူလိုင်လက ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာတော့ အင်ဒိုနီးရှားနိုင်ငံသား သုံးပုံတစ်ပုံခန့်ကသာ အစိုးရရဲ့ အစီအစဉ်အပေါ် ကျေနပ်ကြောင်း ဖြေဆိုထားပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel