NATO က ကာလီနင်ဂရက်ဒ်ကို ခွဲထုတ်ဖို့ ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက်သုံးမယ်လို့ ရုရှား သတိပေး
စက်တင်ဘာ ၃၀
ဘောလ်တစ်ပင်လယ်ကမ်းခြေမှာရှိတဲ့ ကာလီနင်ဂရက်ဒ်ဒေသကို ရုရှားပြည်မကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပြီး သီးခြားခွဲထုတ်ဖို့ နေတိုးအဖွဲ့က ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက် အပါအဝင် လက်နက်အင်အား အပြည့်အဝအသုံးပြုပြီး ကာကွယ်သွားမယ်လို့ ရုရှားက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
နေတိုးအဖွဲ့ဆီ မော်စကိုက ပေးပို့တဲ့ သံတမန်ရေး အလွတ်သဘောစာတမ်းထဲမှာ နေတိုးရဲ့ အန္တရာယ်များတဲ့ လုပ်ဆောင်ချက်တွေကြောင့် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ခြေ အလွန်မြင့်မားနေပြီး၊ ပဋိပက္ခစတင်တာနဲ့တပြိုင်နက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ အဓိက ဆုံးဖြတ်ချက်ချတဲ့ ဗဟိုဌာနတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ပိုလန်နဲ့ လစ်သူယေးနီးယား ကြားမှာ တည်ရှိတဲ့ ကာလီနင်ဂရက်ဒ်ဟာ ရုရှားအတွက် မဟာဗျူဟာအရ အရေးပါတဲ့ စစ်ရေးနယ်မြေတခုဖြစ်ပြီး ကာလီနင်ဂရက်ဒ်ကို ပိတ်ဆို့ဖို့ ကြိုးပမ်းမှုမှန်သမျှ နျူကလီးယား အပါအဝင် ရှိသမျှတပ်အင်အား အားလုံးနဲ့ ခုခံသွားမယ်လို့ ရုရှားက ဆိုပါတယ်။
နေတိုးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ အယ်လစ်ဆန် ဟတ် ကတော့ ရုရှားက အခုလို သံတမန်စာတမ်း ပေးပို့ခဲ့တာကို အတည်ပြုထားပြီး နေတိုးအဖွဲ့ဟာ ကာကွယ်ရေးမဟာမိတ်အဖွဲ့သာဖြစ်တာကြောင့် ရုရှားနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကိုမှ အန္တရာယ်မပြုဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် နျူကလီးယားလက်နက် အသုံးပြုမယ့်အကြောင်း ပြောဆိုခြိမ်းခြောက်မှုတွေကို “တာဝန်မဲ့တဲ့ နျူကလီးယားခြိမ်းခြောက်မှု” အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ယူကရိန်းအပေါ် ရုရှားရဲ့ စစ်ပွဲကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ရုရှားနဲ့ ဥရောပနိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို နျူကလီးယားလက်နက် အသုံးပြုနိုင်ကြောင်း သတိပေးလာတာဖြစ်ပြီး စစ်အေးခေတ်နောက်ပိုင်း ရုရှားက အခုလို ခြိမ်းခြောက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အလေးအနက်ထားရမယ့် အခြေအနေဖြစ်တယ်လို့ ဥရောပ အဆင့်မြင့်ကာကွယ်ရေးအရာရှိတဦးက မှတ်ချက်ပြုထားပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel