လူငယ်တွေ လူမှုကွန်ရက်အသုံးပြုမှုကို အလွန်အကျွံဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်မယ့် Meta ရဲ့ အစီအစဉ်တွေကို ကမ္ဘာတစ်ဝန်းက လူငယ်အသုံးပြုသူတွေအတွက်ပါ ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား မီဒီယာနဲ့ ဆက်သွယ်ရေးကော်မရှင် (KMCC) က ပြောဆိုလိုက်ပါတယ်။
လူမှုကွန်ရက်ကုမ္ပဏီတွေအနေနဲ့ အသက်မပြည့်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို အွန်လိုင်းပေါ်မှာ ကာကွယ်ပေးရေးအတွက် ပိုမိုတာဝန်ယူသင့်တယ်လို့ KMCC က ဆိုပါတယ်။
ဒီပြောဆိုချက်ဟာ Meta ကုမ္ပဏီက Facebook နဲ့ Instagram တို့လို ပလက်ဖောင်းတွေမှာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး အလွန်အမင်း စွဲလမ်းစေမယ့် ဒီဇိုင်းတွေ ထည့်သွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ပြည်နယ်အတော်များများမှာ တရားစွဲဆိုမှု ရင်ဆိုင်ခဲ့ရပြီးနောက် ဒေါ်လာ ၁၈ ဘီလီယံအထိ ပေးလျော်ဖို့နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့အပြီး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ပြောင်းလဲမှုတွေထဲမှာ လူမှုကွန်ရက်အသုံးပြုချိန် ကန့်သတ်တာ၊ အသိပေးချက်တွေ လျှော့ချတာ၊ အသက်အရွယ် အတည်ပြုစစ်ဆေးမှု ပိုမိုတင်းကျပ်တာ၊ အယ်လ်ဂိုရီသမ်အခြေပြု အကြောင်းအရာအကြံပြုမှုတွေကို ကန့်သတ်တာနဲ့ လူငယ်တွေအတွက် Like အရေအတွက်လို တုံ့ပြန်မှုဆိုင်ရာ အချက်အလက်တွေကို ဖျောက်ထားတာတွေ ပါဝင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း လူငယ်တွေ စခရင်အသုံးပြုချိန် အလွန်အကျွံ များပြားလာတာနဲ့ လူငယ်တွေကို လူမှုကွန်ရက်ပေါ်မှာ ဆက်လက်အသုံးပြုနေစေဖို့ အကြောင်းအရာအကြံပြုတဲ့ အယ်လ်ဂိုရီသမ်တွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် အရွယ်မရောက်သေးသူတွေရဲ့ လူမှုကွန်ရက်အသုံးပြုမှုကို ပိုမိုတင်းကျပ်စွာ ကြီးကြပ်ဖို့ လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ အသက် ၁၄ နှစ်အောက် လူမှုကွန်ရက်အသုံးပြုခွင့် ကန့်သတ်ရေးနဲ့ အသက် ၁၄ နှစ်ကနေ ၁၉ နှစ်အထိ ဆယ်ကျော်သက်တွေအတွက် အလွန်အကျွံအသုံးပြုစေနိုင်တဲ့ အယ်လ်ဂိုရီသမ်နဲ့ ပလက်ဖောင်းလုပ်ဆောင်ချက်တွေကို ကန့်သတ်ရေး အပါအဝင် သက်ဆိုင်ရာ ဥပဒေကြမ်း ၇ ခုကို တောင်ကိုရီးယား အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတယ်လို့ သိရပ်တယ်။
Ref & Photo; Reuters