ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်
စက်တင်ဘာ ၂၈
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က ကြိုးပမ်းလာတာဖြစ်တယ်လို့ ထိုင်ဝမ်ဘက်က ကန့်ကွက်တုံ့ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက် ဝါရှင်တန် နိုင်ငံတော်ညစာစားပွဲမှာ တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦးစလုံးက စစ်ပွဲကာလ မဟာမိတ်အဖြစ် အတူတိုက်ပွဲဝင်ခဲ့ပုံကို ချီးကျူးခဲ့ကြသလို၊ အိမ်ဖြူတော်ဘက်ကလည်း အမေရိကန်နဲ့ တရုတ်တို့ဟာ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ဒီအခြေအနေအပေါ် ထိုင်ဝမ်ဘက်က စိုးရိမ်မကင်း ဖြစ်နေပြီး ဘေဂျင်းရဲ့ သမိုင်းအဓိပ္ပာယ်ဖွင့်ဆိုချက်နောက်ကို ဝါရှင်တန် ပါသွားပြီး လက်နက်ထောက်ပံ့မှုတွေ လျော့ကျသွားမှာကို သတိထားစောင့်ကြည့်နေရတာ ဖြစ်ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကတော့ အဲဒီခေတ်ကာလက မဟာမိတ်တွေနဲ့အတူ အမှန်တကယ် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ အစိုးရဟာ ၁၉၄၉ ခုနှစ်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တွေကို ရှုံးနိမ့်ပြီး ထိုင်ဝမ်ကို ဆုတ်ခွာလာခဲ့တဲ့ တရုတ်သမ္မတနိုင်ငံ (Republic of China - ROC)သာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ထိုင်ဝမ် ပြည်မကြီးရေးရာကောင်စီ ဒုတိယအကြီးအကဲ ရှန်ယွီချွန်းနဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖရန်ဆွာဝူး တို့ကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အနေနဲ့ စစ်သမိုင်းအမှန်ကို အစားထိုးဖျောက်ဖျက်ဖို့ ကြိုးစားနေတာဖြစ်ပြီး အမေရိကန်ရဲ့ မဟာမိတ်စစ်စစ်ဟာ တရုတ်သမ္မတနိုင်ငံ (Republic of China - ROC) အစိုးရသာ ဖြစ်တယ်ဆိုတာကို အမေရိကန်ဘက်က မှန်မှန်ကန်ကန် နားလည်စေဖို့ စဉ်ဆက်မပြတ် ရှင်းလင်းသွားမယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း တိုင်ပေမြို့အခြေစိုက် လက်တွေ့အမေရိကန်သံရုံးသဖွယ် ဆောင်ရွက်နေတဲ့ အမေရိကန်အင်စတီကျု (AIT) က တရုတ်ဟာ မှားယွင်းတဲ့ ဒုတိယကမ္ဘာစစ် သမိုင်းအချက်အလက်တွေ ဖြန့်ဝေနေတယ်လို့ သတိပေးခဲ့ဖူးပါတယ်။
စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတခုမှာ တိုင်ပေ တွဲဖက်ပါမောက္ခက တရုတ်ကွန်မြူနစ်တွေဟာ သူတို့ရဲ့ ကြီးမားတဲ့ ဝါဒဖြန့်ချိရေးယန္တရားကိုသုံးပြီး အမေရိကန်လူထုအမြင်ကို လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း ထိုင်ဝမ်ရဲ့ အဓိကအတိုက်အခံ ကူမင်တန်ပါတီက သမ္မတ လိုင်ချင်တယ်အစိုးရအနေနဲ့ သမိုင်းအချက်အလက်ပိုင်း မှန်ကန်ပေမဲ့ ဘေဂျင်းကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ လိုအပ်လာတဲ့အခါမှသာ ၁၉၄၅ ခုနှစ် ROC သမိုင်းကို ပြန်ဆွဲထုတ် အသုံးချနေတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel