ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ပွဲ မသမာမှုတွေ ရှိနေတာကြောင့် ရီပါဘလစ်ကန်တွေ အနိုင်ရဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ ထရမ့် စွပ်စွဲ
ဇူလိုင် ၂၃
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲပေးမှု ပိုမိုတင်းကြပ်ရေး စည်းမျဉ်းတွေ ပြဋ္ဌာန်းနိုင်ဖို့အတွက် ဇူလိုင်လ ၂၂ ရက်နေ့မှာ ဂျော်ဂျီယာ ပြည်နယ်ရှိ ထောက်ခံသူတွေကို မဲဆွယ်စကား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ထရမ့်ရဲ့ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ စွပ်စွဲချက်တွေဟာ လာမယ့် အမေရိကန် အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ပါတီကို ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ပါတီဝင်အချို့ကြားမှာ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
အတ္တလန်တာမြို့ပြင်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ဟောပြောပွဲဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ထရမ့်အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ဂျော်ဂျီယာပြည်နယ်ရဲ့ ရွေးကောက်ပွဲစနစ်အပေါ် လပေါင်းများစွာ ဆက်တိုက် တိုက်ခိုက်ပြောဆိုမှုတွေအပြီးမှာ ပေါ်ပေါက်လာတာဖြစ်ပြီး ယခုနှစ်အတွင်းမှာတင် ထရမ့်ဟာ ဂျော်ဂျီယာရဲ့ မဲပေးမှုစနစ်နဲ့ ပတ်သက်လို့ အနည်းဆုံး ၉ ကြိမ်ထက်မနည်း မေးခွန်းထုတ် ပြောဆိုခဲ့ဖူးပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပွဲမှာလည်း ထရမ့်က မသမာမှုတွေ ရှိနေတာကြောင့် ရီပါဘလစ်ကန်တွေ အနိုင်ရဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ ထပ်မံစွပ်စွဲခဲ့သလို၊ မဲပေးမှု တင်းကြပ်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပေးဖို့ အထက်လွှတ်တော် အများစုခေါင်းဆောင် ဂျွန်သူးနီကို ဖိအားပေးကြဖို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ပြောဆိုချက်တွေကြောင့် မဲဆန္ဒရှင်တွေ မဲပေးဖို့ စိတ်ပျက်သွားပြီး အကျိုးဆက်အနေနဲ့ အရေးနိမ့်သွားနိုင်တယ်လို့ ဂျော်ဂျီယာရှိ ရီပါဘလစ်ကန်အချို့က စိုးရိမ်နေကြပါတယ်။
ရွေးကောက်ပွဲတွေကို ကာကွယ်ပေးနေတဲ့ RightCount အဖွဲ့ရဲ့ ပြည်နယ်ဥက္ကဋ္ဌနဲ့ ဂျော်ဂျီယာ အထက်လွှတ်တော် ရီပါဘလစ်ကန် ခေါင်းဆောင်ဟောင်းဖြစ်သူ အဲရစ်ဂျွန်ဆင် ကတော့ “သမ္မတ ထရမ့်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေရဲ့ ခိုင်မာမှုအပေါ် သံသယဖြစ်အောင် ပြောဆိုတဲ့အခါတိုင်း သူ့ရဲ့ ထောက်ခံသူတွေဟာ မဲသွားပေးဖို့ အလားအလာ နည်းသွားလေ့ရှိပါတယ်” လို့ ပြောဆိုထားပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel