ပြင်သစ်နဲ့ စပိန်တောင်ပိုင်း တောမီးကြောင့် လူပေါင်း ၂ သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံး
ဇူလိုင် ၂၆
ပြင်သစ်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ ဇူလိုင် ၂၅ ရက်နေ့မှာတော့ ဗောဒိုးမြို့တွင်းဘက်ကို ဦးတည်ကူးစက်လာတာကြောင့် မြို့ဆင်ခြေဖုံးက ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရသလို၊ အိမ်နီးချင်း စပိန်နိုင်ငံမှာလည်း တောမီးကြောင့် ပထမဆုံး လူသေဆုံးမှု စတင်ဖြစ်ပွားခဲ့ပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ တောမီးတွေကို မနိူင်းမနင်း ထိန်းချုပ်နေရဆဲဖြစ်ပြီး စပိန်နဲ့ ပြင်သစ် နှစ်နိုင်ငံစလုံးမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်ဟာ နှစ်သိန်းခွဲ ကျော်အထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတု ခြောက်သွေ့မှုနဲ့ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်တွေကြောင့် အခုလို သဘာဝဘေးအန္တရာယ် ကပ်ဆိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး စပိန်နိုင်ငံ အလယ်ပိုင်းက ဒေသခံ ၇၀,၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသလို ပြင်သစ်နိုင်ငံမှာလည်း ဗောဒိုး ဝိုင်ထုတ်လုပ်ရေး နယ်မြေက ဒေသခံ သောင်းနဲ့ချီ အပါအဝင် စုစုပေါင်း ၁၉၇,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရပါတယ်။
ပြင်သစ် ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နူး ကတော့ အခုကြုံတွေ့နေရတဲ့ တောမီးဟာ နိုင်ငံသမိုင်းမှာ တစ်ခါမှ မကြုံဖူးတဲ့အထိ ဆိုးရွားနေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ပြင်သစ် တောမီးလောင်ကျွမ်းနေတဲ့ ဒေသတွေမှာ အပူချိန်ဟာ ပျမ်းမျှ ၃၂.၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိနေပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ပျမ်းမျှအပူချိန်ထက် ၇.၃ ဒီဂရီ ဆဲလ်စီးယပ်စ်မက ပိုမိုမြင့်မားနေတာလည်း ဖြစ်ပါတယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး လောရန့် နူးနက်ဇ် ကလည်း အဆိုပါတောမီးဟာ အချိန်ကြာမြင့်စွာနဲ့ ခက်ခက်ခဲခဲ ငြှိမ်းသတ်ရလိမ့်မယ်လို့ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
ဒါ့အပြင် မီးသတ်တပ်ဖွဲ့ဝင်တွေ မနိုင်မနင်း ဖြစ်နေတာကြောင့် ပြင်သစ် စစ်တပ်ကပါ ဝင်ရောက်ကူညီနေရပြီး စစ်ဘက်သုံး A400M လေယာဉ်နဲ့ပါ မီးငြှိမ်းသတ်နေရတယ်လို့ ဆိုပါတယ်။
အလားတူ စပိန်နိုင်ငံမှာလည်း တောမီးကူးစက်မှုကြောင့် နေအိမ်တွေ ပြာကျခဲ့ရပြီး မက်ဒရစ်မြို့အနီးမှာ လောင်ကျွမ်းနေတဲ့ တောမီးကြီး ၃ ခုအနက် ၂ ခုဟာ ဇူလိုင် ၂၄ ရက်နေ့မှာ ပေါင်းစည်းသွားခဲ့တာကြောင့် စပိန်အစိုးရက အမျိုးသားအဆင့် အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ထားရပါတယ်။
ဒါ့အပြင် ဗလင်စီယာ ကမ်းရိုးတန်းအနီး ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုတစ်ခုကြောင့် ကားအတွင်းရှိနေတဲ့ သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံးခဲ့ရတယ်လို့ စပိန် ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
လက်ရှိမှာတော့ ဥရောပသမဂ္ဂ (EU) ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ အီတလီ၊ ဂရိ၊ နယ်သာလန်နဲ့ ပေါ်တူဂီ နိုင်ငံတွေက မီးသတ်လေယာဉ်တွေ စေလွှတ်ပြီး စပိန်နိုင်ငံရဲ့ တောမီးငြှိမ်းသတ်ရေးလုပ်ငန်းတွေမှာ လာရောက်ကူညီပေးနေရပါတယ်။
Ref & Photo; Reuters, The Guardian
မြို့တော် News Channel