အာဏာသိမ်းစစ်တပ်က ကံပေါက်ရွာကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံး
စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ အနောက်ဘက် ၅ မိုင်အကွာမှာရှိတဲ့ ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးက စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
"ရုပ် အလောင်း ၂ လောင်းက လွှင့်စင်ပြီး ခေါင်မိုးပေါ်အထိ တက်ချိတ်သွားတယ်၊ တစ်လောင်းကတော့ ခြံစည်းရိုးမှာ ချိတ်နေတာ။ အမေဖြစ်သူရယ်၊ ချွေးမရယ်၊ သားဖြစ်သူရယ် မိသားစုဝင် ၃ ဦးလုံး သေသွားတယ်။ အလောင်းတွေကတော့ မြင်ရက်စရာ မရှိဘူး" လို့ ဒေသခံ တဦးက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကံပေါက်ကျေးရွာမှာ တော်လှန်ရေးအင်အားစုတွေ အခြေချနေထိုင်နေတာမျိုး မရှိသလို စစ်ကြောင်းထိုးနေတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိသူ ၁ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦး ရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၀,၅၀၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၆၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
မြို့တော် News Channel