ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့ ဆန်အရက်တိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကာ Telegram မှာ ရောင်းစားခဲ့သူ ထောင်အနှစ် ၄၀ ချမှတ်ခံရ
ဇူလိုင် ၃၀
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ကလေးငယ်တွေကို ဆေးတိုက်ပြီး လိင်တူဆက်ဆံခိုင်းကာ ဗွီဒီယိုရိုက်ကူးပြီး Telegram Channel မှာ ရောင်းစားခဲ့တဲ့ တရားခံကို ထောင်အနှစ် ၄၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့က အင်းစိန်တရားရုံးကနေ ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခဲ့တာလို့ သိရပြီး ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားတဦး ကျောင်းဆင်းပြီး အိမ်ပြန်လာချိန် ကျောင်းအတူ တက်ခဲ့ဖူးတဲ့ သူငယ်ချင်းနဲ့အတူ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှာ နေထိုင်တဲ့ မျိုးမင်းထွန်း(ခ)ဖိုးသားရဲ့ နေအိမ်ကို အလည်သွားခဲ့လို့ ဆိုပါတယ်။
အိမ်အရောက်မှာ ကလေးငယ်တွေကို အားဆေးသောက်ရမယ်လို့ မျိုးမင်းထွန်း(ခ)ဖိုးသားက ပြောဆိုပြီး စိတ်ငြိမ်ဆေးလုံး ၁၀ လုံးစီနဲ့ ဆန်အရက်ကို အချိုရည်လို့ဆိုကာ လိမ်လည်တိုက်ကျွေးခဲ့တယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေ ဆေးနဲ့ အရက်အရှိန်ကြောင့် အသိစိတ်ကင်းမဲ့ချိန်မှာ မျိုးမင်းထွန်း(ခ)ဖိုးသားက ကလေးငယ်တဦးကို လိင်တူဆက်ဆံခဲ့ပြီးနောက် ကျန်ကလေးငယ်တွေကို အချင်းချင်း လိင်တူဆက်ဆံခိုင်းကာ ဗွီဒီယိုရိုက်ခဲ့ပြီး Telegram မှာ ရောင်းစားခဲ့တယ်လို့ သိရပါတယ်။
“ကလေးတွေကို အားဆေးဆိုပြီး စိတ်ငြိမ်ဆေးတွေ တိုက်တယ်၊ ပြီးတော့ ဆန်အရက်ကို အချိုရည်ဆိုပြီး တိုက်တယ်၊ ကလေးတွေ အသိစိတ်ပျောက်နေတဲ့အချိန် လိင်တူဆက်ဆံခိုင်းတယ်၊ ပြီးတော့ ဗွီဒီယိုရိုက်ပြီး ရောင်းစားတာ၊ အဲ့ကိစ္စ ကလေးမိဘတွေသိပြီး အဖွဲ့အစည်းတွေကို တိုင်တာ၊ ဖြစ်တာတော့ကြာပြီ” လို့ တရားရေးဌာနနဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။
ကလေးငယ်တွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ကျောင်းပိတ်ရက်တွေမှာ သွားရောက်ညအိပ်နေခဲ့ရာ ရက်ပေါင်း ၂၀ ခန့် ညအိပ်ခဲ့ဖူးကြောင်း၊ အဲ့ဒီရက်တွေမှာ မျိုးမင်းထွန်း(ခ)ဖိုးသားက အလားတူ ပြုလုပ်ခဲ့ပြီး ဗွီဒီယိုဖိုင်တွေကို အကြိမ်ကြိမ်ရိုက်ကူးကာ Telegram အကောင့်ဖွင့်ပြီး Member ဝင်တွေထံကနေ အခကြေးငွေရယူကာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
အမှုဖြစ်စဉ်ကို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး အင်းစိန်မြို့မရဲစခန်းက (ပ) ၁၆၉/၂၀၂၆ နဲ့ (ပ) ၁၇၀/၂၀၂၆၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ တို့နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့မှာ အင်းစိန်ခရိုင် တရားရုံးက တရားခံ မျိုးမင်းထွန်း(ခ) ဖိုးသားကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ အရ အမှုတခုချင်းစီအတွက် အလုပ်နဲ့ထောင်ဒဏ် ၂၀ နှစ်စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel