သီပေါတံတား ပြန်ဖွင့်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြေပြင်မှာ ဖြတ်သန်းခွင့်မပေး
ဇူလိုင် ၂၅
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်က ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ သီပေါတံတားကို အာဏာသိမ်းစစ်တပ်က ပြန်လည်ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ့်မြေပြင်မှာ ပိတ်ထားဆဲဖြစ်ပြီး ဖြတ်သန်းခွင့် မရသေးဘူးလို့ သိရပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့က စတင်ကာ သီပေါတံတားကို အာဏာသိမ်းစစ်တပ်က ပြန်လည်ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပိတ်ထားဆဲဖြစ်တာကြောင့် ဒေသခံတွေနဲ့ ကုန်သည်တွေအနေနဲ့ လှေတွေနဲ့ဖောင်တွေကိုသာ အားကိုးအားထားပြုပြီး မြစ်ကို ကူးသန်းသွားလာနေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“သတင်းတွေ အမှားတွေ ဖြန့်နေကြတာ၊ တကယ့်မြေပြင်မှာ တံတားကို ဖြတ်သန်းခွင့် ပိတ်ထားဆဲပါပဲ၊ တံတားသာဖွင့်ရင် ကုန်စျေးနှုန်းလည်း အတန်အသင့်ကျနိုင်တယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
သီပေါမှ အတုအယောင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်က သီပေါတံတား ပြန်ဖွင့်ပေးဖို့ အတုအယောင်လွှတ်တော်မှာ တောင်းဆိုထားတယ်လို့ သိရပြီး ဒေသခံတွေကလည်း တံတားဖြတ်သန်းခွင့်ပေးမယ့်ရက်ကို မျှော်နေကြရတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သီပေါမြို့နဲ့ တံတားကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က ထိန်းချုပ်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အာဏာသိမ်းစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
သီပေါတံတား ဆက်လက် ပိတ်ထားတာကြောင့် ဒေသတွင်းကုန်ဈေးနှုန်းတွေ မြင့်တက်နေခဲ့တာဖြစ်ပြီး တံတားကို ဖြတ်သန်းခွင့်မပေးလို့ လှေနဲ့ဖောင်ကို အသုံးပြုကာ ဖြတ်သန်းသွားနေကြသူတွေဟာ လူတစ်ဦးကို ငွေကျပ် ၅ ထောင်ကနေ ၅ သောင်းဝန်းကျင်အထိ ကုန်ပစ္စည်းပေါ်မူတည်ပြီး ပေးချေဖြတ်သန်းနေရကာ မိုးတွင်းရေကြီးမှုကြောင့် လှေမှောက်ခြင်း၊ ရေနစ်ခြင်း စတဲ့ အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
မြို့တော် News Channel
#myotawnpt
#Myotaw