တောင်တရုတ်ပင်လယ်မှာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးရေချိန် မြင့်မားမယ်လို့ဆို
ဇူလိုင် ၂၀
တောင်တရုတ်ပင်လယ်၊ ဖိလစ်ပိုင်နိုင်ငံမြောက်ဘက်နှင့် ထိုင်ဝမ်ကျွန်း တောင်ဘက်ရေပြင်မှာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။
အဆိုပါ မုန်တိုင်းဟာ ဇူလိုင်လ ၂၆ နှင့် ၂၇ ရက်နေ့တွေမှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်နှင့် ဟောင်ကောင်မြို့ အရှေ့ဘက် ကမ်းခြေသို့ ဦးတည်ရွေ့လျားကာ လေတိုက်နှုန်း အရှိန်ပြင်းပြင်းနဲ့ ကုန်းတွင်းသို့ ဝင်ရောက်မယ့် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာလည်း ကျယ်ပြန့်တဲ့ လေဖိအားနည်းဇုန် (အထက်လေပွေလှိုင်း) တခုဖြစ်ပေါ်နေပြီး အနောက်တောင်ဘက်မှလာတဲ့ လေစီးကြောင်းအားလုံးကို တောင်တရုတ်ပင်လယ်မှ အားကောင်းတဲ့ မုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းတို့ ဆီသို့ အရှိန်အဟုန်နဲ့ ဆွဲသွင်းနေတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၅ ရက် မနက်မှ ဇူလိုင်လ ၂၇ ရက်အတွင်း စုစုပေါင်းရရှိနိုင်မယ့် မိုးရေချိန် အနေနဲ့ ရခိုင်ပြည်နယ် ကမ်းရိုးတန်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ဟာ မုတ်သုံလေ တိုက်ရိုက်ဝင်ရောက်မှု အားအကောင်းဆုံး ဇုန်ဖြစ်ပြီး မိုးရေချိန်ရရှိမှု မြင့်မားမယ်လို့ ဆိုပါတယ်။
မိုးသင့်တင့်မှ မိုးများနိုင်တဲ့ဇုန်အဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း) တို့မှာ လေဖိအားနည်းရပ်ဝန်း တန်းနေခြင်းနှင့် မုတ်သုံလေဆက်တိုက် ဝင်ရောက်နေမှုတို့ကြောင့် မိုးဆက်လက် ကောင်းနေမယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း(အောက်ပိုင်း) နှင့် ရှမ်းပြည်နယ်တို့မှာ မိုးကျဲကျဲ သို့မဟုတ် နေရာကွက်ကျားသာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel