မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး လာမယ့် ၂ ပတ်ရက်ကျော်အထိ ရေကြီးရေလျှံမှုတွေ ဆက်လက်စိုးရိမ်ရနိုင်တယ်လို့ဆို
ဩဂုတ် ၅
ဩဂုတ်လ ၅ ရက်နေ့မှ ၆ ရက်နေ့အတွင်း မုတ်သုံလေ တိုးဝင်မှုအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)တို့မှာ မိုးရေချိန် ၅၀ မီလီမီတာမှ ၉၀ မီလီမီတာ ရရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။
ဩဂုတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အတွင်း မုတ်သုံလေစီးကြောင်း ပိုမိုပြင်းထန်လာပြီး ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးရေချိန် ၁၅၀ မီလီမီတာမှ မှ ၂၀၀ မီလီမီတာအထိ ရရှိနိုင်ပြီး ပဲခူးတိုင်း(အရှေ့ပိုင်း/တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းတို့မှာလည်း မိုးစိပ်စိပ်နဲ့ မိုးရေချိန် တိုးပွားလာမယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၀ ရက်မှ ၁၂ ရက်မှာ ရခိုင်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းတို့မှာ ၃၀၀ မီလီမီတာ အထက်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ၂၃၀ မီလီမီတာမှ ၂၆၀ မီလီမီတာအထိ မိုးရေချိန် စုစုပေါင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း ၇ ရက်တာ မိုးရေချိန် ၁၀၅ မီလီမီတာမှ ၁၅၀ မီလီမီတာအထိ ရရှိနိုင်ပြီး မိုးခပ်စိပ်စိပ် ဆက်လက်ရွာသွန်းမယ့် အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ် အထူးသုံးသပ်ချက်အနေနဲ့ ငဝန်မြစ်ဝှမ်းအတွင်း တည်ရှိတဲ့ လေးမျက်နှာမြို့နယ်ဟာ လက်ရှိမှာလည်း မြစ်ရေမြင့်တက်မှုနှင့် အထက်ပိုင်း (ကသာ၊ ဗန်းမော်၊ စစ်ကိုင်း) တောင်တန်းဒေသတွေမှ စီးဆင်းလာတဲ့ မြစ်ရေစီးကြောင်းတွေအပြင် ရခိုင်ရိုးမအရှေ့ဘက်ခြမ်းမှ စီးဆင်းလာတဲ့ တောင်ကျရေတွေကြောင့် ငဝန်မြစ်ရေ စိုးရိမ်ရေမှတ် အထက်မှာ ဆက်လက်တည်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၆ ရက်နေ့မှ ၁၂ ရက်အတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့မှာ မိုးရေချိန် ၂၀၀ မီလီမီတာကျော် ဆက်လက်ရွာသွန်းနိုင်တာကြောင့် အထက်ရေစီးဆင်းမှု တရှိန်ထိုး ထပ်မံစီးဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လေးမျက်နှာ မြို့နယ်အပါအဝင် ငဝန်မြစ်ဝှမ်းတလျှောက် မြစ်ရေကျဆင်းမှု နှေးကွေးမှာဖြစ်ပြီး ရေကြီးရေလျှံမှု အခြေအနေမှာ နောက်ထပ် (၇) ရက်မှ ၁၄ ရက်အထိ ဆက်လက်စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပေါ်နေနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၆၅ မီလီမီတာမှ ၂၆၀ မီလီမီတာအထိ သည်းထန်စွာ ရွာသွန်းနိုင်ပြီး ကသာ၊ အင်းတော်၊ ဗန်းမော်၊ မြစ်ကြီးနားနှင့် လားရှိုး၊ သီပေါ လမ်းကြောင်းတလျှောက်မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် နမ္မတူမြစ် ရေမျက်နှာပြင်တွေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနိုင်ပြီး လျှပ်တပြက် တောင်ကျရေကျနိုင်တာကြောင့် အထူးစိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း(အရှေ့ပိုင်း)မှာ ၁၂၀ မှ ၁၇၀ မီလီမီတာ၊ တောင်ပိုင်းမှာ ၁၄၀ မှ ၁၉၀ မီလီမီတာနှင့် အနောက်ပိုင်းမှာ ၈၅ မှ ၁၂၅ မီလီမီတာ မိုးရေချိန် အသီးသီး ရရှိနိုင်ပြီး ပဲခူးမြို့၊ ဝေါ၊ တောင်ငူ၊ ဖြူးတို့မှာ စစ်တောင်းမြစ်နှင့် ပဲခူးမြစ် ရေမြင့်တက်ကာ မြေနိမ့်ပိုင်း စိုက်ပျိုးရေးကွင်းတွေနှင့် မြို့ကွက်တွေအတွင်း ရေလျှံနိုင်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ မုတ်သုံလေ တိုက်ရိုက်တိုးဝင်တာကြောင့် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၂၃၀ မီလီမီတာ မှ ၃၄၀ မီလီမီတာကျော် အထိ အများဆုံး ရရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။
မြို့တော် News Channel