နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုပေးထားရာက လူသတ်မှုဖြစ်ပွားခဲ့
ဇူလိုင် ၂၂
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၂၂၀) အနီး လယ်ယာမြေထဲမှာ အဆောက်အဦးတွေ အခိုင်အမာတည်ဆောက်ပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာကို ဌာနဆိုင်ရာတွေနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်တာ မရှိဘူးလို့ သိရပါတယ်။
ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ထားတာ ၃ နှစ်နီးပါး ရှိပြီဖြစ်ပြီး ဒိုင်အုပ်အဖြစ် ဦးခင်မောင်၊ ဦးရဲဝင်း၊ ဦးဝေစိုး၊ ဦးဖိုးစိုး တို့ အပေါင်းအပါတွေက ပျဥ်းမနားမြို့နယ်စခန်းမှ ဒုရဲမှူး ကျော်သူရနှင့် နယ်ထိန်းခေါင်းဆောင် ကိုကိုဦးတို့ကို အပတ်စဉ်လိုင်းကြေးအဖြစ် ၁၅ သိန်းနှင့်အထက်ပေးပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုတွေလည်း ယခင်ကထက် ပိုမိုးများပြားလာသလို ဇူလိုင်လ ၇ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က လောင်းကစားဝိုင်းနားမှာ အိုးဝေ မောင်းတဲ့သူတွေနဲ့ လောင်းကစားဝိုင်းက ပြန်လာတဲ့သူတွေ စကားများရန်ဖြစ်ခဲ့ကြပြီး ဓါးထိုးမှုဖြစ်ကာ လူသေဆုံးမှုလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
"အဲ့ဒီ လောင်းကစားဝိုင်းနားက လမ်းထိပ်မှာ အိုးဝေမောင်းတဲ့ ဦးတင်စိုးလှိုင်၊ ဦးဇင်မောင်မောင်လွင်၊ ဦးကျော်ကျော်၊ ဦးရဲထက်အောင် တို့က သူတို့အချင်းချင်း နောက်ပြောင်ပြောဆိုနေကြတာ။ အဲ့ဒါကို လောင်းကစားဝိုင်းက ပြန်လာတဲ့ မျိုးမင်းဦး (၂၄)နှစ်၊ အငယ်လေး (၂၅) နှစ်၊ ဆံရှည် (ခ)ဇော်ထွန်း (၃၈) နှစ်တို့က သူတို့ကို ရန်စတယ်လို့ထင်ပြီး ဓါးနဲ့ ဝင်ထိုးတာ။ အိုးဝေ မောင်းနှင်သူ ၄ ဦးလုံးမှာ ထိုးသွင်းပြတ်ရှဒဏ်ရာတွေ ရသွားတယ်။ တယောက်သေသွားတယ်လို့တော့ ကြားတယ်။ အတိအကျတော့ မသိဘူး" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
ဒါ့အပြင် နေပြည်တော်ကောင်စီရုံး နောက်ကျောဘက် ရွာသစ်ကျေးရွာနှင့် အောင်သုခ ကျေးရွာအကြားမှာ လည်းကောင်း၊ ပျဥ်းမနားမြို့နယ်၊ ကျီးအင်းရွာ၊ ကင်ပွန်းတန်းရွာနှင့် ရွာကောက်အပိုင်းမှာလည်းကောင်း၊ ဇေယျာသီရီမြို့နယ်၊ ကျွန်းရောင်းအုပ်စု၊ ရွာသစ်ရွာနှင့် သီးလေးကြီးအုပ်စု၊ ဘန်ကုန်းကြီးရွာမှာလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နှင့် ဆွာလမ်းဆုံ မီးပွိုင့်အနီးမှာလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်ရွာ၊ မသိမ်ရွာမှာလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ အေလာမြို့၊ ညောင်ပင်သာရွာမှာလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်း ရပ်ကွက်နှင့် ဒိုးနွယ်ကျေးရွာအုပ်စုမှာလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် သပြေတန်းရွာနှင့် လှည်းပြင်ကွဲရွာမှာလည်းကောင်း လောင်းကစားဝိုင်းတွေ အသီးသီး ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေကြောင့် လူမှုရေး ပြဿနာတွေနှင့်အတူ ပစ္စည်းလုယက်တာ၊ လုယက်ရင်း လိင်ပိုင်းဆိုင်ရာ ပြုကျင့်တာနှင့် မိသားစုလိုက် သတ်ဖြတ်ပြီး ပစ္စည်းခိုးယူတာ စတဲ့ ရာဇဝတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့် သက်ဆိုင်ရာ ရဲနှင့် ဌာနဆိုင်ရာတွေက လောင်းကစားဝိုင်းတွေဆီမှ လိုင်းကြေးယူထားပြီး လျစ်လျူရှုပေးထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
#myotawnpt
#Myotaw