အကြမ်းဖက်ဝါဒ လှုံ့ဆော်တဲ့ ပို့စ်တွေကို အရေးယူပေးဖို့ ပျက်ကွက်ခဲ့လို့ Telegram ကို ဩစတြေးလျ တရားစွဲဆို
ဇူလိုင် ၃၀
အကြမ်းဖက်ဝါဒ လှုံ့ဆော်တဲ့ ပို့စ်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် လူမှုကွန်ရက် သတင်းအချက်အလက် ပေးပို့မှု အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ Telegram ကို တရားစွဲဆိုလိုက်ပြီလို့ ဩစတြေးလျ အင်တာနက်လုံခြုံရေးစောင့်ကြည့်အဖွဲ့ eSafety က ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Telegram ဟာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုနဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေကို ပြသထားတဲ့ ဗီဒီယိုတွေအပါအဝင် အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ ပျက်ကွက်ခဲ့တယ်လို့ eSafety က စွပ်စွဲထားပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လကနေ အောက်တိုဘာလအတွင်း ဩစတြေးလျ Telegram အသုံးပြုသူတွေက အကြမ်းဖက်ဝါဒထောက်ခံတဲ့ ပို့စ် ၁၂ ခုနဲ့ပတ်သက်ပြီး တိုင်ကြားခဲ့ကြပြီး အဲဒီထဲက ၃ ခုဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ eSafety က ဆိုပါတယ်။
ဒါပေမယ့် Telegram ဘက်က ပို့စ် ၁၀ ခုကို ဖယ်ရှားခဲ့ခြင်း မရှိသလို အဲဒီအကြောင်းအရာတွေ တင်ခဲ့တဲ့ အကောင့်တွေကိုလည်း ဆိုင်းငံ့ခြင်း သို့မဟုတ် ပိတ်ပင်ခြင်း မပြုခဲ့ဘူးလို့ ဆိုပါတယ်။
တကယ်လို့ Telegram ဟာ ဩစတြေးလျရဲ့ အင်တာနက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ဩစတြေးလျဒေါ်လာ ၅၄.၆ သန်းအထိ ဒဏ်ကြေး ပေးဆောင်ရနိုင်ဖွယ် ရှိနေပါတယ်။
Telegram ဘက်ကတော့ အဆိုပါစွပ်စွဲချက်တွေကို ပယ်ချပြီး တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ Telegram ဟာ လစဉ်အသုံးပြုသူ ၁ ဘီလီယံကျော်ရှိပြီး ကမ္ဘာပေါ်မှာ ဒေါင်းလုဒ်ဆွဲမှု အများဆုံး မက်ဆေ့ချ်ပလက်ဖောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ရုရှား-ယူကရိန်း စစ်ပွဲဆိုင်ရာ အရေးကြီး သတင်းအချက်အလက် ရရှိရာ မရှိမဖြစ် သတင်းရင်းမြစ်တစ်ခု ဖြစ်လာခဲ့ပြီး မော်စကိုနှင့် ကိယက်ဗ်မှ အရာရှိတွေကြားမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။
တစ်ဖက်မှာလည်း ယူကရိန်းသူလျှိုတွေရဲ့ တိုက်ခိုက်မှုတွေ စီစဉ်ရာမှာ Telegram ကို အသုံးပြုနေတယ်လို့ ဆိုကာ Telegram တည်ထောင်သူ ပါဗယ် ဒူရော့ဗ်ကို အကြမ်းဖက်မှု ကူညီပံ့ပိုးပေးမှုနဲ့ ရုရှားနိုင်ငံက ဇူလိုင်လ ၂၉ ရက်နေ့မှာ တရားစွဲဆို ထားပါသေးတယ်။
Ref & Photo; Reuters
မြို့တော် News Channel