အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ;
စက်တင်ဘာ ၂၈
မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း နီပေါနိုင်ငံတို့မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်တွေအရ အိန္ဒိယမှာ ၅၆ ဦးနဲ့ နီပေါနိုင်ငံမှာ ၁၄ ဦး သေဆုံးခဲ့ပြီး၊ နီပေါမှာ နောက်ထပ် ၁၁ ဦး ပျောက်ဆုံးနေသလို ရုတ်တရက် ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒေ့ရှ်ပြည်နယ်မှာ စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက် မနက်ပိုင်းအထိ မိုးရေချိန် ၆၆ ဒသမ ၅ မီလီမီတာအထိ စံချိန်တင် ရွာသွန်းခဲ့တာကြောင့် လူ ၅၆ ဦး သေဆုံးကာ နေအိမ် ၁,၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာ ဟီရီရှီကတ်ရှ် ဘတ်ရှကာ ယာရှော့ဒ်က အတည်ပြုထားပါတယ်။
ဂင်္ဂါ အပါအဝင် အဓိက မြစ်ကြီးတွေမှာလည်း စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေရတယ်တယ်လို့ ဆိုပါတယ်။
အလားတူ နီပေါနိုင်ငံမှာလည်း ခရိုင် ၇၇ ခုအနက် ၄၉ ခုမှာ ရေကြီးနိုင်ခြေရှိကြောင်း သတိပေးထားသလို ရာဟူဂင်္ဂါမြစ်ရေ လျှံတက်မှုကြောင့် ၄၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း ထိခိုက်ပျက်စီးပြီး မာနန်းနဲ့ မူစတန် အပါအဝင် ခရိုင် ၄ ခုမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပါတယ်။
ဒါ့အပြင် နီပေါနိုင်ငံမြောက်ပိုင်း ဟင်မ်လွန်းဟီမားလ် တောင်ခြေစခန်းမှာ နှင်းပြိုကျမှု ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံခြားသား တောင်တက်သမားတွေအတွက် စခန်းပြင်ဆင်ပေးနေတဲ့ ဒေသခံ အလုပ်သမား ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel