ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီး နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ ဖမ်းဆီးခံရ
ဇူလိုင် ၂၃
ထိုင်းနိုင်ငံ၊ တရမ်းခရိုင်မှာ ရည်းစားဖြစ်သူနဲ့ ပူးပေါင်းပြီး ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့မှုနဲ့ ဝရမ်းထုတ်ခံထားရတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦးဟာ ထွက်ပြေးလွတ်မြောက်နေတာ နှစ်ပေါင်း ၂၀ နီးပါး ကြာပြီးနောက်မှာတော့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခဲ့တယ်လို့ သိရပါတယ်။
၂၀၀၇ ခုနှစ်က ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူနဲ့ သူမရဲ့ ရည်းစားတို့ ဖောက်ပြန်နေတာကို သိရှိသွားရာက ပြဿနာရှင်းဖို့ စားသောက်ဆိုင်တခုမှာ တွေ့ဆုံခဲ့ကြပြီး အိမ်အပြန်လမ်းမှာ ရည်းစားဖြစ်သူက ခင်ပွန်းဖြစ်သူရဲ့ ဆိုင်ကယ်ကို ခြေကန်လှဲချကာ ဓားနဲ့ ထိုးနှက် လည်ပင်းလှီးခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ တိုက်ခိုက်နေစဉ် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ ရုန်းကန်မရအောင် ကူညီချုပ်နှောင်ပေးခဲ့ပြီး သေဆုံးသွားပြီအထင်နဲ့ စွန့်ပစ်ကာ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခင်ပွန်းဖြစ်သူဟာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်အထိ ကံကောင်းထောက်မစွာ အသက်ရှင်လျက်ရှိနေသေးတာကြောင့် ဆေးရုံကို အမြန်ပို့ဆောင်ပြီး ကုသပေးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ ထွက်ဆိုချက်နဲ့ တရားခံနှစ်ဦးစလုံးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်နိုင်ခဲ့ပါတယ်။
တရားခံဖြစ်တဲ့ ရည်းစားဖြစ်သူကိုတော့ ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီမှာ ဖမ်းဆီးရမိခဲ့ကာ ထောင်ဒဏ်လည်း ကျခံခဲ့ရပြီး ဖြစ်ပေမယ့် နောက်ထပ် တရားခံဖြစ်တဲ့ ဇနီးဖြစ်သူကတော့ ဖမ်းဆီးမှုကို ရှောင်ရှားဖို့ ခရိုင်အသီးသီးကို လှည့်လည်သွားရောက်ကာ ၁၉ နှစ်ကျော်ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့တာ ဖြစ်ပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ ဇနီးဖြစ်သူဟာ ဘန်ကောက်မြို့ရှိ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေကြောင်း သတင်းရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချိန်မှာတော့ ဇနီးဖြစ်သူဟာက တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ အခင်းဖြစ်ပွားရာ နေရမှာ ရှိနေခဲ့ခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားပြီး ရဲတပ်ဖွဲ့ကတော့ သူမကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲစခန်းထံ လွှဲပြောင်းပေးအပ်ထားပါတယ်။
Ref & Photo; Bangkok Post
မြို့တော် News Channel