အင်ဒိုနီးရှားမှာ တစ်ယောက်တည်း ပါတီပွဲပြန်လာတဲ့ အမျိုးသား ၂၃ ပေရှည်ရှိတဲ့ စပါးကြီးမြွေရဲ့ ရစ်ပတ်မျိုချခြင်းခံရ
ဇူလိုင် ၃၁
အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်မှာ ပါတီပွဲကနေ တစ်ဦးတည်း အိမ်ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ၂၃ ပေခန့်ရှည်တဲ့ စပါးကြီးမြွေကြီးမျိုးစိတ်ဖြစ်တဲ့ Reticulated Python ရဲ့ တိုက်ခိုက်မျိုချခြင်း ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၇ ရက် မနက် ၃ နာရီခန့်က ဟာဆင်မ် လွန်ဘက်စီ ဆိုသူဟာ ကျေးလက်ဘားတစ်ခုမှာ သောက်စားပြီးနောက် တောအုပ်အတွင်းရှိ လမ်းအတိုင်း ပြန်လာစဉ် ချုံပုတ်အတွင်းတခုမှ စပါးကြီးမြွေကြီးက ခြေထောက်ကို ကိုက်ခဲခဲ့တာဖြစ်ပြီး မြွေရဲ့ ရစ်ပတ်ဖိညှစ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဟာဆင် အိမ်ပြန်မရောက်လာတာကြောင့် မိသားစုဝင်တွေက လိုက်လံရှာဖွေရာမှာ လမ်းပေါ်မှာ သွေးစက်တွေနဲ့ သူ့ရဲ့ ကျောပိုးအိတ်၊ လွယ်အိတ်နဲ့ ခြေနင်းတွေကို တွေ့ရှိခဲ့ပြီးနောက် တောအုပ်အတွင်း မြက်ပင်တွေ ပိပြားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်လက်ရှာဖွေရာမှာ ဝမ်းဗိုက်ဖောင်းနေတဲ့ စပါးကြီးမြွေမျိုးစိတ် Reticulated Python တစ်ကောင်ကို တွေ့ရှိရခဲ့ပြီး မြွေရဲ့ဝမ်းဗိုက်ကို ခွဲကြည့်ရာက ဟာဆင်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်မလူကူပြည်နယ်မှာ ပြီးခဲ့တဲ့ လကလည်း မော်တော်ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦး ၂၂ ပေရှည် စပါးကြီးမြွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသလို၊ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးဟာလည်း နွားကျောင်းနေစဉ် ၂၅ ပေရှည် စပါးကြီးမြွေရဲ့ မျိုချခြင်းကို ခံခဲ့ရပါသေးတယ်။
အဆိုပါဒေသဟာ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားရာဒေသဖြစ်တာကြောင့် ဥယျာဉ်ခြံတွေနဲ့ တောအုပ်အတွင်း သွားလာတဲ့အခါ သတိထားကြဖို့၊ ဖြစ်နိုင်ရင် တစ်ဦးတည်းမသွားဘဲ အနည်းဆုံး နှစ်ဦးအတူ သွားလာကြဖို့ ဆူလာကျွန်းစုရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
Reticulated Python တွေဟာ အရှေ့တောင်အာရှတစ်ဝန်းမှာ တွေ့ရပြီး ကြောင်၊ ခွေး၊ ငှက်နဲ့ လူသားတွေအပြင် အခြားမြွေတွေကိုပါ အစာအဖြစ် စားသုံးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးမြွေမျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။
Ref & Photo; The Sun
မြို့တော် News Channel