ဒီမိုကရက်တွေကို “ကွန်မြူနစ်တွေ” လို့ စွပ်စွဲလိုက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေကို မဲပေးဖို့ ထရမ့် တိုက်တွန်း
စက်တင်ဘာ ၁၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်ပါတီဟာ ရာဇဝတ်မှုနဲ့ ကွန်မြူနစ်ဝါဒအပေါ် ပျော့ပျောင်းတဲ့ သဘောထားရှိတယ်လို့ ဝေဖန်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီဝင်တွေကို “ကွန်မြူနစ်တွေ” လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ပြုလုပ်တဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်လောင်း မိုက်ကယ် ဝှစ်တလေရဲ့ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပွဲမှာ ထရမ့်က အခုလို ပြောဆိုခဲ့တာပါ။
မဲဆွယ်ပွဲအတွင်း ထရမ့်က ဒီမိုကရက်တွေကို အမေရိကန်နိုင်ငံကို ကွန်မြူနစ်နိုင်ငံ ဖြစ်အောင် တွန်းပို့နေသူတွေအဖြစ် ပုံဖော်ခဲ့သလို၊ အုပ်ချုပ်ရေးမှူးဟောင်း ရွိုင်းကူးပါး လက်ထက် ကိုဗစ်ကာလအတွင်း အကျဉ်းသား ၃,၅၀၀ ကို လွှတ်ပေးခဲ့တဲ့ မူဝါဒကိုလည်း ဝေဖန်ပြောဆိုသွားပါတယ်။
“ခင်ဗျားတို့ ကွန်မြူနစ်တွေကို အပြတ်ချေမှုန်းရလိမ့်မယ်၊ သူတို့ဟာ တကယ်ပဲ ကွန်မြူနစ်တွေပါပဲ။ ကျုပ်တို့နိုင်ငံဟာ ဆိုရှယ်လစ်နိုင်ငံ ဖြစ်မလာစေရပါဘူး” လို့ ထရမ့်က ပြောဆိုထားပါတယ်။
လာမယ့် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာစလုံးအပြင် အထက်လွှတ်တော်အမတ်နေရာ ၃၅ နေရာအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး လက်ရှိ ခန့်မှန်းချက်တွေအရ ဒီမိုကရက်တွေဘက်က အောက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ခြေ ရှိနေပြီး အထက်လွှတ်တော်မှာတော့ နှစ်ဖက်စလုံး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
မြောက်ကာရိုလိုင်းနားမှာ ပါတီစွဲမထားတဲ့ မဲဆန္ဒရှင်တွေက မှတ်ပုံတင်မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းခန့်ရှိတာကြောင့် ရွေးကောက်ပွဲမှာ အရေးပါတဲ့ မဲဆန္ဒရှင်အုပ်စုတစ်ခုလည်း ဖြစ်နေပါတယ်။
ရီပတ်ဘလစ်ကန် အမာခံတွေအကြား ထရမ့်ရဲ့ ဩဇာကြီးမားနေဆဲ ဖြစ်ပေမဲ့ မိုက်ကယ် ဝှစ်တလေအနေနဲ့ အနိုင်ရဖို့ဆိုရင် မြောက်ကာရိုလိုင်းနားပြည်နယ်အတွင်းက ကြားနေမဲဆန္ဒရှင်တွေကို သိမ်းသွင်းနိုင်ဖို့ လိုအပ်နေပါတယ်။
လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ နေထိုင်စရိတ်ပြဿနာတွေကြောင့် အလယ်အလတ်သဘောထားရှိတဲ့ မဲဆန္ဒရှင်တွေအကြား ထရမ့်အပေါ် ထောက်ခံမှု ကျဆင်းနေပါတယ်။
ထရမ့်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ သူကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်တာ မဟုတ်ပေမဲ့ “သူ့ကို မဲပေးရသလိုမျိုး သဘောထားပြီး မဲထည့်ကြပါ” လို့ ပြီးခဲ့တဲ့အပတ် ဒေးလက်စ်မြို့ ညီလာခံမှာ ပြောခဲ့တဲ့အတိုင်း ထပ်မံတိုက်တွန်းထားပါတယ်။
Ref; Reuters
Photo; Reuters, AP
မြို့တော် News Channel