ဗိုလ်တထောင်မြို့နယ်မှာ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ရေပိုက်လုံးထဲမှာ ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့
နိုဝင်ဘာ ၈
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၁ ရပ်ကွက်၊ လင်းဇဒေါင်းအနီးက ရေပိုက်လုံးထဲမှာ အိမ်ရာမဲ့ မသန်စွမ်း အမျိုးသားတဦး ပုပ်ပွသေဆုံးနေခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၆ ရက် မနေ့က ရေပိုက်လုံးအနီးတဝိုက် အနံ့ဆိုးတွေ ထွက်ခဲ့တာကြောင့် လိုက်လံရှာဖွေရင်း ရေပိုက်လုံးထဲမှာ သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ကြတာလို့ သိရပါတယ်။
“နေအပူရှိန်ကြောင့်ထင်တယ် အနံ့က အရမ်းပြင်းတယ်။ ဘယ်ချိန်ကတည်းက သေတယ်တော့ မသိဘူး။ အသားတွေတောင် နည်းနည်းရိနေပြီ၊ ယင်ကောင်တွေ အုံစပြုနေပြီ။ မသန်စွမ်း ဦးလေးကြီးတယောက်ပါ" လို့ ဒေသခံတဦးက ပြောပါတယ်။
ရုပ်အလောင်းကို ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကတဆင့် သင်္ဂြိုဟ်စက်ရှိရာ သုသာန်ကို သွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်က ခြံဝင်းအလွတ် တခုထဲမှာ နိုဝင်ဘာလ ၄ ရက်နေ့က မူးယစ်ဆေး အလွန်အကျွံသုံးကာ သေဆုံးနေတယ်လို့ ယူဆရတဲ့ ပိုင်ရှင်မဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
မြို့တော် News Channel