ဖုန်းအားလာသွင်းတဲ့ KIA တပ်သားက အိမ်ရှင်ကို ဖုန်းခိုးတယ်လို့ စွပ်စွဲပြီး တုတ်နဲ့ရိုက်လို့ ဒဏ်ရာပြင်းထန်ရကာ ဆေးရုံတင်ထားရ
နိုဝင်ဘာ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အနောက်မြောက်ဘက်က မန်နိမ်းရွာမှာ ဖုန်းခိုးတယ်လို့ စွပ်စွဲချက်နဲ့ KIA နဲ့ MNDAA က တပ်သား ၂ ဦးက ဒေသခံတဦးကို ဇနီးဖြစ်သူရဲ့ ရှေ့မှာတင် ရိုက်နှက်ခဲ့လို့ သတိလစ်မေ့မျောကာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၆ ရက် မနေ့က မနက် ၉ နာရီဝန်းကျင်မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ရိုက်နှက်ခံရတဲ့သူဟာ အသက် ၄၄ နှစ်အရွယ် ဦးအိုက်တင် ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
“အရိုက်ခံရတဲ့ ဦးအိုက်တင်အိမ်မှာ KIA တပ်သားက ဖုန်းအားသွင်းထားတာတဲ့၊ ဖုန်းအားသွင်းပြီး ခရီးထွက်သွားတာ။ သူပြန်လာတော့ သူ့ဖုန်းမတွေ့တော့လို့ဆိုပြီး အိမ်ရှင်ကို ရန်မူတာ။ အိမ်ရှင်ကလည်း သူမသိဘူး လာသွင်းတာလည်း သူမမြင်ဘူးဆိုပြီး ငြင်းတာ။ အဲဒါနဲ့ အိမ်ရှင်ကို သူခိုးလို့ စွပ်စွဲပြီး KIA တပ်သားနဲ့ MNDAA တပ်သားက ရိုက်ကြတာ။ ဂုတ်ကို ဝါးဆစ်တုတ်နဲ့ ရိုက်တာမှာ အာရုံကြောထိပြီး ဒဏ်ရာရသွားတယ်၊ အခြေအနေစိုးရိမ်ရတယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
ရိုက်နှက်ခံရတဲ့ ဦးအိုက်တင်ဟာ လက်ရှိအချိန်မှာ နမ့်ဖတ်ကာဆေးရုံမှာ ဆေးကုသနေရပြီး အာရုံကြောထိခိုက်ကာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ရိုက်နှက်ရာမှာ ပါဝင်တဲ့ MNDAA တပ်သားကိုတော့ သူ့တပ်ရင်းက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပြီး KIA တပ်သားကတော့ ဒီအတိုင်း စခန်းမှာရှိနေဆဲလို့ သိရပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ KIA တပ်သားနဲ့ MNDAA တပ်သားတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရပ်သားပြည်သူအပေါ် ဥပဒေမဲ့ အနိုင်ကျင့်ခဲ့တဲ့အတွက် ဘယ်လိုအရေးယူဆောင်ရွက်ပေးမယ်ဆိုတာကို ဒေသခံတွေက စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
မြို့တော် News Channel