အသက် ၈ နှစ်အရွယ် ကျောင်းသူလေး အသတ်ခံရမှု တရားမျှတမှုရရှိဖို့နဲ့ တရားခံ ဖမ်းဆီးရမိဖို့ ဒေသခံတွေ တောင်းဆို
နိုဝင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကျောင်းသူ ကလေးငယ်တဦး စာသင်ကျောင်းကနေ ပြန်လာစဉ် ပျောက်ဆုံးသွားခဲ့ပြီး နောက်ရက်မှာ သေဆုံးလျက် တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စာသင်ကျောင်းကနေ ပြန်တဲ့လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့မှာ စာသင်ကျောင်းကို သွားတဲ့ လမ်းဘေးသရက်ခြံထဲမှာ ကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ပုံလည်း တွေ့တယ်။ ပြီးတော့ ရက်ရက်စက်စက် သတ်သွားတာ၊ ဒါကို ထိထိရောက်ရောက် အာဏာပိုင်တွေက ဖမ်းဆီးအရေးယူပေးနိုင်မှ ဒီဒေသကလူတွေ ကလေးတွေအတွက် စိတ်ချရမှာ။ ခုအဖြစ်က ကလေးရှိတဲ့ မိဘတွေအကုန် ကြောက်နေကြပြီ” လို့ ဒေသခံအမျိုးသမီးတဦးက မြို့တော်ကို ပြောပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသူ ကလေးငယ်လေးဟာ အသက် ၈ နှစ်သာရှိသေးတဲ့ မလှိုင်းဝတီစိုး (ခ) မချစ်ဖူးငုံ ဖြစ်ပြီး ကောင်းဘိုကျေးရွာအုပ်စု၊ လင်းလေအင်းကျေးရွာမှာ နေထိုင်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းသူ ကလေးငယ်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျေးရွာက သင်္ဂြိုဟ်ပေးခဲ့ကြပြီး သေဆုံးမှုနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရပ်စောက်မြို့နယ် ရဲတပ်ဖွဲ့က သေမှုသေခင်း ဖွင့်လှစ်ထားပေမယ့် လူသတ်မှုကျူးလွန်တဲ့ တရားခံကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ကျောင်းသူ ကလေးငယ်ကို လူမဆန်စွာ လိင်ပိုင်းဆိုင်ရာကိစ္စတွေနဲ့အတူ ရက်ရက်စက်စက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့သူကို အမြန်ဆုံးဖမ်းဆီးရမိဖို့နဲ့ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။
ရပ်စောက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်၊ PNO ပြည်သူ့စစ်တပ်၊ RCSS တပ်နဲ့ SSPP တပ်တို့ ရှိတယ်လို့ သိရပြီး အဖွဲ့အားလုံးကိုလည်း ဒေသခံတွေက ဆက်ကြေးပေးရတယ်လို့ သိရပါတယ်။
မြို့တော် News Channe၈