အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို
အောက်တိုဘာ ၂
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်တွေမှာ အားအလွန်ကောင်းတဲ့ အယ်လ်နီညို အခြေအနေမှာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး ခန့်မှန်းသုံးသပ်ချက်တွေအရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားတာ ဖြစ်ပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမယ့် အဆိုပါ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မမှန်တာ၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်တာ၊ လာမယ့် ဆောင်းရာသီနှင့် နွေရာသီကာလတွေမှာ နေ့အပူချိန်တွေ မြင့်မားတာ၊ မိုးခေါင်ရေရှားတာ စတဲ့အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုထားပါတယ်။
အားကောင်းတဲ့ အယ်လ်နီညို နှစ်တွေမှာ အနောက်တောင်မုတ်သုံလေဟာ ပုံမှန်လမ်းကြောင်းအတိုင်း မတိုက်ဘဲ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ လေတိုက်မှုဟာ ခဏ ငြိမ်သွားတတ်ပါတယ်။ အဲဒီလို မုတ်သုံလေ အားပျော့သွားတဲ့အချိန်မှာ မုတ်သုံလေစီးကြောင်းက မြောက်ဘက် ဟိမဝန္တာတောင်တန်းခြေရင်းဘက်ကို ဆွဲဆန့် သွားတတ်ပါတယ်။
ရလဒ်အနေနဲ့ကတော့ ဒီလိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်းတွင်းမြစ်ဖျားပိုင်း ဒေသတွေမှာ မိုးတွေ ရက်ဆက် အလွန်သည်းထန်စွာ ရွာသွန်းပါတော့တယ်။ မြစ်ဖျားပိုင်းမှာ မိုးအလွန်ကြီးတဲ့အတွက် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေဟာ မြစ်အောက်ပိုင်းမှာရှိတဲ့ မြို့တွေကို ရေလွှမ်းမိုး စေတာပဲ ဖြစ်ပါတယ်။
၂၀၁၅ - ၂၀၁၆ ခုနှစ်ဟာ (Godzilla El Niño) လို့ တင်စားခေါ်ဝေါ်ရတဲ့ နှစ်တနှစ်လည်း ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာလည်း ကမ္ဘာ့သမိုင်းမှာ အားအကောင်းဆုံး အယ်လ်နီညိုနှစ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်းမှာပဲ "ကိုမန်" (Komen) မုန်တိုင်းရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း(ကလေးမြို့)နဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ သမိုင်းဝင် အဆိုးရွားဆုံး ရေကြီး မြေပြိုမှုကြီးတွေ ကြုံတွေ့ခဲ့ရပြီး လူပေါင်းများစွာ အိုးအိမ်စွန့်ခွာ ခဲ့ရဖူးပါတယ်။
လက်ရှိမှာ ပစိဖိတ်သမုဒ္ဒရာထဲမှာ အင်အားအလွန်ပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်တစ်ခု စတင်ဖြစ်ပေါ်နေပြီး ဒါဟာ သမိုင်းတလျှောက် အပြင်းထန်ဆုံးတစ်ခု ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။ ဒီတစ်ကြိမ် ဖြစ်ပေါ်လာတဲ့ အယ်လ်နီညိုဟာ ကမ္ဘာတဝန်းလုံးကို အကြီးအကျယ် သက်ရောက်မှု ရှိခဲ့တဲ့ ၁၈၇၇ ကနေ ၁၈၇၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အယ်လ်နီညိုဖြစ်စဉ်ထက် ပိုပြီးတော့တောင် ပြင်းထန်နိုင်တယ်လို့ ဆိုပါတယ်။
ဒီလို အပူချိန်မြင့်တက်မှုဟာ တကမ္ဘာလုံးရဲ့ ရာသီဥတုပုံစံကို ပြောင်းလဲစေပြီး ဒေသတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်စေသလို၊ အခြားဒေသတချို့မှာတော့ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုတွေနဲ့ ကမ္ဘာ့အပူချိန်တွေ ပိုမိုမြင့်တက်လာတာမျိုးကို ဖြစ်ပေါ်စေပါတယ်။
အခုလို ထူးထူးခြားခြား ပြင်းထန်တဲ့ "စူပါ" အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကမ္ဘာတဝန်းက စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေး ကွင်းဆက်တွေကို ထိခိုက်ပျက်စီး စေနိုင်သလို၊ နေရာအနှံ့အပြားမှာ အပူလှိုင်းဖြတ်တာတွေကို ပိုမိုဆိုးရွားလာစေပြီး ဆိုးရွားတဲ့ ရာသီဥတု ဖြစ်စဉ်တွေကိုလည်း ပိုမိုတိုးပွားလာစေနိုင်ပါတယ်။
အခုဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုဟာ တကမ္ဘာလုံးရဲ့ ရာသီဥတုအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနိုင်တဲ့အတွက် အထူးသတိထား စောင့်ကြည့်ရမယ့် ထူးခြားဆန်းပြားပြီး အင်အားပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်တခု ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း အပြင်းထန်ဆုံး အယ်လ်နီညိုအဖြစ် ပြောင်းလဲသွားနိုင်ခြေရှိတယ်လို့ သြစတြေးလျ မိုးလေဝသဗျူရို (Bureau of Meteorology) က ဇွန်လ ၁၆ ရက်နေ့ကတည်းက သတိပေး ထုတ်ပြန်ထားပါတယ်။
ပိုမိုပြင်းထန်လာမယ့် ရာသီဥတုအခြေအနေကြောင့် အမေရိကတိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ကြုံရနိုင်သလို၊ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ အာရှတိုက်မှာတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ကို ခံစားရနိုင်တယ်လို့ သြစတြေးလျ မိုးလေဝသဗျူရိုက ခန့်မှန်းထားပါတယ်။
အာရှဒေသမှာ အခုချိန်ကတည်းက စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နေပြီဖြစ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဆိုထားပါတယ်။
ရာသီဥတု ခန့်မှန်းချက် မော်ဒယ်လ်တွေက ယခုနှစ် အယ်လ်နီညို ဖြစ်စဉ်ဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်တင်နိုင်တဲ့ အနေအထားမျိုးထိ ရောက်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။ သိပ္ပံပညာရှင်တွေကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဟာ ဒီနှစ်အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုတွေကို ပိုမိုဆိုးရွားလာစေလိမ့်မယ်လို့ ဆိုပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ရေပြင်မျက်နှာပြင်တွေ ပူနွေးလာတဲ့ အယ်လ်နီညိုဖြစ်စဉ်ကြောင့် သြစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေမှာ ဆောင်းရာသီနဲ့ နွေဦးရာသီတွေအတွင်း မိုးရွာသွန်းမှု လျော့ကျနိုင်ပြီး တောင်ပိုင်းဒေသတွေမှာ နေ့ခင်းဘက် အပူချိန်တွေ ပိုတက်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။
ဆောင်းရာသီကာလဖြစ်တဲ့ ၂၀၂၆ နိုဝင်ဘာလမှ ၂၀၂၇ ဇန်နဝါရီလအတွင်း အယ်လ်နီညို ဟာ အထွတ်အထိပ် ရောက်ရှိချိန်ဖြစ်ပြီး ဒေသတခုလုံးမှာ ခြောက်သွေ့မှု ပိုမိုအားကောင်းလာကာ စိုက်ပျိုးရေနှင့် သောက်သုံးရေ လျော့နည်းခြင်း အခက်အခဲတွေ စတင်ဖြစ်ပေါ် လာနိုင်တယ်လို့ဆိုပါတယ်။ အပူချိန်ဟာလည်း ပုံမှန်ထက် သိသာစွာ မြင့်မားနေမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မိုးနှောင်းကာလနှင့် ဆောင်းရာသီအကူးအပြောင်းကာလမှာ ပုံမှန်ထက် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ခံစားရနိုင်ပြီး ဆောင်းအအေးဓာတ် လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ဟာ လာမယ့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ဒီနှစ်ကုန်ပိုင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနိုင်ပြီး ရာသီဥတုအပေါ် သက်ရောက်မှုတွေဟာ ၂၀၂၇ ခုနှစ်အတွင်းအထိ ဆက်လက်ရှိနေနိုင်တယ်လို့ WMO က ခန့်မှန်းထားပါတယ်။
လက်ရှိ အားကောင်းလာတဲ့နှုန်းအတိုင်း ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် အရင်က စောင့်ကြည့်မှတ်တမ်းတင်ခဲ့ဖူးတဲ့ အယ်လ်နီညိုဖြစ်စဉ်တွေထက် ပိုမိုပြင်းထန်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လာနိုင်တယ်လို့ WMO အထွေထွေအတွင်းရေးမှူး ဆယ်လက်စ်တေး ဆော်လိုက ဆိုပါတယ်။
ယခုနှစ် အယ်လ်နီညို ဖြစ်စဉ်ဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း သမိုင်းတလျှောက် အကြီးမားဆုံး အယ်လ်နီညိုဖြစ်စဉ်တွေထဲက တစ်ခု ဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ကိုလည်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
မြို့တော် News Channel