ထိုင်းရောက် ရွှေ့ပြောင်း မြန်မာတွေကို ကူညီပေးတဲ့ ထိုင်းရဲ အွန်လိုင်းမှာ နာမည်ကြီးနေ
ဇူလိုင် ၃၀
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လူမျိုးမခွဲခြားဘဲ ခင်ခင်မင်မင် ကူညီပေးလေ့ရှိတဲ့ ထိုင်းရဲအရာရှိ Manot Saensila ဟာ မြန်မာပြည်သူတွေကြားမှာ အတော်လေး ချီးမွမ်းခံနေရပါတယ်။
အဆိုပါ အရာရှိဟာ မြန်မာမိတ်ဆွေတွေနဲ့တွေ့ရင် စတစ်ကာလေးတွေ ပေး၊ ဓာတ်ပုံအတူရိုက် ရတာတွေကို အရမ်းဝမ်းသာမိကြောင်းနဲ့ အားပေးကြတဲ့ မြန်မာပြည်သူတွေကို ကျေးဇူးတင်ကြောင်းကိုလည်း သူ့ရဲ့ Facebook ပေ့ချ်မှာ ရေးသားအသိပေးလေ့ ရှိပါတယ်။
ဒါတင်မကသေးဘဲ သူ့ဘေးနားက လုပ်ဖော်ကိုင်ဖက် ရဲတစ်ဦးရဲ့ သတင်းစကားတွေကိုပါ မျှဝေပေးခဲ့ပါသေးတယ်။ အဆိုပါ ထိုင်းရဲဟာ ရဲမဖြစ်ခင်တုန်းက နခွန်ပထုမ်ခရိုင်က ရော်ဘာစက်ရုံမှာ မြန်မာတွေနဲ့အတူ အလုပ်လုပ်ခဲ့ဖူးသူပါ။
အဲဒီတုန်းကတည်းက မြန်မာသူငယ်ချင်းတွေနဲ့ ရခဲ့တဲ့ အမှတ်တရ ကောင်းတွေကို အခုထိ မမေ့နိုင်သေးဘဲ အားလုံးကို သတိရနေဆဲပါဆိုတဲ့ သတင်းစကားကို Manot Saensila တဆင့် ပြောပြထားပါတယ်။
"လူမျိုး၊ ဘာသာစကား၊ နိုင်ငံ မတူပေမဲ့ လူသားတစ်ယောက်ကို လူသားလို လေးစားပေးတာ အရမ်းလှပါတယ်။ လူမျိုးမတူပေမဲ့ နှလုံးသားကတော့ အတူတူပါပဲ" ဆိုပြီးတော့လည်း Manot Saensila က အသိပေးထားပါတယ်။
ထိုင်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူမျိုးမခွဲခြားဘဲ ကူညီပေးဖို့ အမြဲအသင့်ရှိနေပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး ပိုမိုခိုင်မြဲပါစေလို့လည်း ဆုတောင်းပေးထားပါတယ်။
ဒီလို သဘောထားပြည့်ဝတဲ့ ထိုင်းရဲအရာရှိတွေရဲ့အကြောင်း ရင်းနှီးနွေးထွေးစွာ ရေးသားထားတာကို လူမှုကွန်ရက်ပေါ်မှာ မြန်မာပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြပြီး "ဒီလို ရဲမျိုးတွေ တွေ့ရတာ အရမ်းအားကိုးရပြီး ဂုဏ်ယူဖို့ ကောင်းတယ်"လို့ ဆိုပြီး ချီးမွမ်းတဲ့ မှတ်ချက်တွေ ဆက်တိုက် ပေးနေကြပါတယ်။
မြို့တော် News Channel