ဝက်မွေးမြူရေးခြံက မစင်ကျင်းထဲ ပြုတ်ကျသူကို ကယ်ဖို့ကြိုးစားရင်း ဦးလေးနဲ့ တူဖြစ်သူ အပါအဝင် ၃ ဦးစလုံး သေဆုံး
နိုဝင်ဘာ ၅
စပိန်နိုင်ငံက ဝက်မွေးမြူရေးခြံတခုရဲ့ တိရစ္ဆာန်မစင်စွန့်ပစ်တဲ့ ကျင်းထဲ လူတဦး ပြုတ်ကျခဲ့ရာကနေ ကယ်ဆယ်ဖို့ ကြိုးစားခဲ့သူ ၃ ဦး အဆိပ်ငွေ့ရှူမိပြီး အသက်ရှူကျပ်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ နိုဝင်ဘာ ၄ ရက်နေ့က ပမ်ပလိုနာမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ပီတီယက်စ်မြို့နယ်အနီးက ဝက်မွေးမြူရေးခြံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာချိန်မှာတော့ သုံးဦးစလုံးဟာ သေဆုံးနေပြီ ဖြစ်ပါတယ်။
သေဆုံးသူတွေဟာ အသက် ၆၁ နှစ်အရွယ် ခြံပိုင်ရှင်၊ သူ့ရဲ့ အသက် ၃၇ နှစ်အရွယ် တူဖြစ်သူနဲ့ အသက် ၃၃ နှစ်အရွယ် အလုပ်သမားတဦးတို့ ဖြစ်တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကနဦးယူဆချက်အရ သူတို့သုံးဦးထဲက တစ်ဦးဟာ မစင်ကျင်းထဲ ပြုတ်ကျခဲ့ပြီး ကျန်နှစ်ဦးက ဆင်းကယ်ဆယ်ဖို့ ကြိုးစားရင်း အဆိပ်ငွေ့တွေ ရှူမိကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူ သုံးဦးစလုံးဟာ အနီးအနားက ကာပါရိုဆိုမြို့မှာ နေထိုင်သူတွေ ဖြစ်ပြီး ပီတီယက်စ်မြို့တော်ဝန်က ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
အခုဖြစ်ရပ်ဟာ စပိန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က မူစီယာဒေသမှာ မိသားစုဝင် ၄ ဦး အဆိပ်ငွေ့ရှူမိပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း အဆိုးရွားဆုံး မွေးမြူရေးခြံ မတော်တဆမှုလည်း ဖြစ်ပါတယ်။
တိရစ္ဆာန်မစင်စုပုံထားတဲ့ ကျင်းတွေဟာ လေဝင်လေထွက်မကောင်းသလို မစင်နဲ့ ဆီးတွေ အချဉ်ဖောက်ရာကနေ အောက်ဆီဂျင် လျင်မြန်စွာ လျော့နည်းသွားနိုင်စေတဲ့အပြင် ထွက်လာတဲ့ အဆိပ်ငွေ့တွေကလည်း အနံ့အသက် မရှိတာကြောင့် အလွန်အန္တရာယ်များတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အလားတူဖြစ်စဉ်မျိုး အင်္ဂလန်နိုင်ငံမှာလည်း ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့ဖူးပါတယ်။ ချက်ရှိုင်းယားဒေသက နို့စားနွားမွေးမြူရေးခြံတခုမှာ အသက် ၄၂ နှစ်အရွယ် သားဖြစ်သူက ပိုက်ပြင်ဖို့ မစင်ကန်ထဲဆင်းရာကနေ အသက်ရှူကြပ်သွားလို့၊ အသက် ၇၂ နှစ်အရွယ် ဖခင်ဖြစ်သူက ဆင်းကယ်ရာကနေ သားအဖနှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။
Ref & Photo: The Sun
မြို့တော် News Channel