အရေးပေါ်
အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

၂၀၂၆ နိုဝင်ဘာ ၂၁ Myo Taw
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

နိုဝင်ဘာ ၂၁

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် ပြင်ပငွေလဲဈေးကွက်မှာ ၁ ဒေါ်လာ ကျပ် ၅,၁၀၀ ကျော်အထိ ပေါက်ဈေးရှိနေတာကြောင့် သတ်မှတ်ငွေလွှဲလမ်းကြောင်း ကတဆင့် ငွေလွှဲပို့ဖို့ ကွာဟချက်တွေ ဆက်လက်ရှိနေတယ်လို့ ပြည်ပရောက်လုပ်သားတွေထံက သိရပါတယ်။

အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာနဲ့ ဘဏ်တွေရဲ့လုပ်ခလစာ ငွေလွှဲနှုန်းထားဟာ ၁ ဒေါ်လာကို ကျပ် ၄၆၀ ကျော်မှ ၅၀၀ ကျော်အထိ ကွာဟနေတာကြောင့် ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ မိသားစုထံ ငွေလွှဲပို့ရာမှာ သတ်မှတ်ဘဏ်လမ်းကြောင်းနဲ့ ပြင်ပငွေလဲဈေးကွက်အကြား ငွေကြေးတန်ဖိုးကွာဟမှုကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိ ပြင်ပပေါက်စျေးက ၁ ဒေါ်လာ ၅၁၀၀ ကျော်နေပြီ၊ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေရဲ့ ဒေါ်လာတွေ ပြည်တွင်း ပြန်ဝင်လာစေချင်ရင် ပြည်ပပေါက်စျေးအတိုင်း အတိအကျ လွဲပေးမှရမှာပါ၊ သူတို့ချွေးနည်းစာကို ဘယ်သူမှ အရူံးခံပြီး မလွဲချင်ကြဘူးလေ။ ပြင်ပပေါက်စျေးအတိုင်းသာ ရမယ်ဆိုရင် မိသားစုဆီ မဖြစ်မနေ ၂၅ ရာခိုင်နှုန်း လွဲရမယ်လို့ အတင်းအကျတ် ခိုင်းနေစရာ မလိုတော့ဘူး။ စစ်ပွဲတွေ အရင် ရပ်သင့်တယ်၊ ပြည်ပရောက်နေတဲ့ ပြည်သူတွေ သူတို့ငွေတွေနဲ့ သူတို့ရွာတွေအပေါ် ဗုံးပြန်ကြဲနေလို့ ငွေပြန်မလဲကြတာလည်း ပါတယ်” လို့ ထိုင်းရောက်လုပ်သားတဦးက ပြောပါတယ်။

ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နဲ့ ယူနိုက်တက်အမရဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်အများအပြားက အခုလို သတ်မှတ်ထားတာကို အသိပေးကြေညာလာခဲ့တာ ဖြစ်ပါတယ်။

ဒီထဲမှာ ကမ္ဘောဇဘဏ်က ၁ ဒေါ်လာကို ၄,၆၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး၊ ဧရာဝတီဘဏ်ကတော့ ၄,၆၃၀ ကျပ်အထိ ပေးသွားမှာ ဖြစ်သလို၊ ယူနိုက်တက် အမရဘဏ်ကတော့ အစိုးရထပ်ဆောင်းငွေ ၃၀ ကျပ်အပြင် တန်ဆောင်တိုင် အထူးအစီအစဉ်အဖြစ် ၁၀ ကျပ် ထပ်ပေါင်းပေးမှာမို့ ၁ ဒေါ်လာကို ၄,၆၄၀ ကျပ်နှုန်းအထိ ရရှိမှာ ဖြစ်တယ်လို့ ဖော်ပြလာခဲ့တာပါ။

အခုနှုန်းထားတွေဟာ ပြည်ပရောက်အလုပ်သမားတွေရဲ့ လုပ်ခလစာ ငွေလွှဲတွေအတွက်ပဲ သီးသန့်ဖြစ်ပြီး တခြားနိုင်ငံခြားငွေ လဲလှယ်မှုတွေနဲ့တော့ သက်ဆိုင်ခြင်း မရှိဘူးလို အဆိုပါဘဏ်တွေက အသိပေးထားပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မိသားစုစားဝတ်နေရေးအတွက် လုပ်ခလစာရဲ့ တစိတ်တပိုင်းကို နိုင်ငံအတွင်း ပြန်လည်ပို့ဆောင်နေကြရပေမယ့် ငွေလဲနှုန်းကွာဟမှုအပြင် တရားဝင်ငွေလွှဲလမ်းကြောင်း အသုံးပြုဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကြောင့်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“ဘဏ်တွေက ပြည်ပရောက်အလုပ်သမားတွေရဲ့ လစာငွေလွှဲနှုန်းကို အရင်နှုန်းထားထက် တိုးလာတယ်ဖြစ်ပေမဲ့ ပြင်ပဈေးကွက်မှာ ၁ ဒေါ်လာ ၅,၁၀၀ ကျော်ရှိနေတဲ့အတွက် အလုပ်သမားတွေအနေနဲ့ ငွေလွှဲတိုင်းမှာ နစ်နာမှုတွေ ရှိနေတုန်းပဲ။ အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ သူတို့ရဲ့ ကိုယ်ပိုင်လုပ်အားနဲ့ ရှာဖွေထားတဲ့ ဝင်ငွေဖြစ်တဲ့အတွက် အဲဒီဝင်ငွေကို ဘယ်လိုလွှဲမလဲ၊ ဘယ်လိုစီမံ သုံးစွဲမလဲဆိုတာမှာလည်း အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ရွေးချယ်ခွင့်ကို လေးစားဖို့လိုတယ်။ ငွေလွှဲဖို့ ဖိအားပေးတာထက် အလုပ်သမားတွေကိုယ်တိုင် ယုံကြည်စိတ်ချစွာ အသုံးပြုချင်လာမယ့် ငွေလွှဲစနစ်တခု တည်ဆောက်ဖို့ လိုပါတယ်” လို့ ပြည်ပအလုပ်သမားအရေး ဆောင်ရွက်သူတဦး က ပြောပါတယ်။

အာဏာသိမ်းအစိုးရလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်နေ့က ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရရှိတဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေထံ တရားဝင်ဘဏ်စနစ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ Remittance Business License (RBL) ရရှိသူတွေ သို့မဟုတ် ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေ ကတဆင့် လွှဲပို့ရမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒါ့ပြင် ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာမှာ မိသားစုထံ အနီးစပ်ဆုံး ၃ လစာ ငွေလွှဲပို့ထားတဲ့ အထောက်အထား တင်ပြဖို့ လိုအပ်သလို ပြည်ပမှ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သားတွေအနေနဲ့ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာမှာလည်း ငွေလွှဲအထောက်အထားကို ပြနိုင်မှသာ ပြန်လည်ထွက်ခွာခွင့်ရမယ့် အခြေအနေ ဖြစ်လာနေပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အလုပ်ရှင်အကြောင်းပြန်ကြားမှုမရှိခြင်းကို အကြောင်းပြုပြီး ကျွမ်းကျင်လုပ်သားတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို အာဏာသိမ်းအစိုးရ ပိတ်ပင် ပြည်တွင်းသတင်း

အလုပ်ရှင်အကြောင်းပြန်ကြားမှုမရှိခြင်းကို အကြောင်းပြုပြီး ကျွမ်းကျင်လုပ်သားတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို အာဏာသိမ်းအစိုးရ ပိတ်ပင်

ပြည်ပမှာ အလုပ်ရရှိထားတဲ့ ကျွမ်းကျင်လုပ်သားတွေရဲ့ အလုပ်ရှင်နဲ့ ကုမ္ပဏီတွေကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးက ဆက်သွယ်အတည်ပြုမရပါက အာဏာသိမ်းအစိုးရ လုပ်ထုံးလုပ်နည်းအတိုင်း အလုပ်သမားတွေကို OWIC ကတ်ပြုလုပ်ခွင့်နဲ့ ပြည်ပထွက်ခွာခွင့်…

ဖတ်ရန်
ရွှေပြည်သာစက်မှုဇုန်ရှိ Costec စက်ရုံမှာ အပူဒဏ်ခံနေရတဲ့ အလုပ်သမားတွေကို လျစ်လျူရှုပြီး OT ဆက်တိုက်ခေါ်ယူနေ ပြည်တွင်းသတင်း

ရွှေပြည်သာစက်မှုဇုန်ရှိ Costec စက်ရုံမှာ အပူဒဏ်ခံနေရတဲ့ အလုပ်သမားတွေကို လျစ်လျူရှုပြီး OT ဆက်တိုက်ခေါ်ယူနေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) ရှိ SMOG Brand အော်ဒါချုပ်လုပ်နေတဲ့ Costec International Co.,Ltd စက်ရုံမှာ စက်ရုံတွင်း အပူချိန်…

ဖတ်ရန်
စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ ပြည်တွင်းသတင်း

စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ

ပဲခူးတိုင်းအတွင်းရှိ လယ်ယာလုပ်ကိုင်သူတွေအနေနဲ့ မိုးစပါးရိတ်သိမ်းချိန်မှာ စက်သုံးဆီပြတ်လပ်မှုအပြင် ဈေးနှုန်းအဆမတန် မြင့်တက်မှုတွေကြောင့် ရိတ်သိမ်းရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်နေသလို ဆောင်းသီးနှံစိုက်ပျိုးရန် ပြင်ဆင်မှုတွေလည်း ရပ်တန့်နေရတယ်လို့ ဒေသခံတောင်သူတွေထံမှ သိရပါတယ်။

ဖတ်ရန်
လုပ်ခလစာ ၂၅ ရာခိုင်နှုန်း မလွှဲပါက ပြည်ပထွက်ခွာခွင့် ၃ နှစ်ပိတ်မယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေကို အာဏာသိမ်းအစိုးရ ခြိမ်းခြောက် ပြည်တွင်းသတင်း

လုပ်ခလစာ ၂၅ ရာခိုင်နှုန်း မလွှဲပါက ပြည်ပထွက်ခွာခွင့် ၃ နှစ်ပိတ်မယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေကို အာဏာသိမ်းအစိုးရ ခြိမ်းခြောက်

ကိုရီးယားနိုင်ငံကို G to G စနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ မိသားစုထံ တရားဝင်…

ဖတ်ရန်