အယ်လ်နီညို ဖြစ်စဉ်ဟာ ပိုမိုခိုင်မာလာပြီး မိုးရာသီဟာ ပုံမှန်ထက်စောလျင်စွာ ကုန်ဆုံးနိုင်တယ်လို့ဆို
ဇူလိုင် ၂၁
၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ El Niño (အယ်လ်နီညို) အခြေအနေဟာ ပိုမိုခိုင်မာလာပြီး လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ တလျှောက်လုံး ဗဟိုနှင့် အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန် သိသိသာသာ မြင့်တက်နေမယ်လို့ ကမ္ဘာ့ မိုးလေဝသ စင်တာတွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
၂၀၂၆ နိုဝင်ဘာလမှာ 2.78°C အထိ မြင့်တက်နိုင်ခြေရှိတာကြောင့် ဒေသတွင်းမှာ အားကောင်းတဲ့ အယ်လ်နီညို (Strong El Niño) ဖြစ်စဉ်ကို ကြုံတွေ့ရမှာဖြစ်ပြီး ကမ္ဘာ့အပူချိန် စံချိန်တင် မြင့်တက်တာနှင့် ရာသီဥတု အစွန်းရောက်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့နာမည်ကြီး မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းရေး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Meteoblue ရဲ့ ခန့်မှန်းချက်အရ ဇူလိုင်လ ၂၄ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်းတို့မှာ လေဖိအား စုဆုံမှုကြောင့် ကာလတိုအတွင်း မိုးတိမ်တိုက်တွေ ထူထပ်ကာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။
အယ်လ်နီညို အစပျိုးမှုကြောင့် မုတ်သုံလေ စီးဆင်းမှုဟာ ပုံမှန်ထက် ပြတ်တောက်မှု/အားနည်းလာမှု ရှိလာနိုင်ပြီး အချို့နေရာတွေမှာ လေဖိအား မြင့်တက်နေတာကြောင့် နေရာကွက်ကျား မိုးကြီးတာနှင့် ရုတ်တရက် ရေကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
ရေရှည်ရာသီဥတု ခန့်မှန်းချက်အနေနဲ့ ၂၀၂၆ ခုနှစ်ရဲ့ မိုးနှောင်းကာလဖြစ်တဲ့ ဩဂုတ်လမှ အောက်တိုဘာလအတွင်း အရှေ့တောင်အာရှ မယ်ခေါင်ဒေသတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ကျွန်းစုဒေသတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ မိုးရွာသွန်းမှု ပုံမှန်ထက် နည်းပါးနိုင်ခြေ အလွန်မြင့်မားနေပြီး မုတ်သုံရာသီဟာ ပုံမှန်ထက်စောပြီး ကုန်ဆုံးနိုင်တယ်လို့ ဆိုပါတယ်။
ဆောင်းရာသီကာလဖြစ်တဲ့ ၂၀၂၆ နိုဝင်ဘာလမှ ၂၀၂၇ ဇန်နဝါရီလအတွင်း အယ်လ်နီညို ဟာ အထွတ်အထိပ် ရောက်ရှိချိန်ဖြစ်ပြီး ဒေသတခုလုံးမှာ ခြောက်သွေ့မှု ပိုမိုအားကောင်းလာကာ စိုက်ပျိုးရေနှင့် သောက်သုံးရေ လျော့နည်းခြင်း အခက်အခဲတွေ စတင်ဖြစ်ပေါ် လာနိုင်တယ်လို့ဆိုပါတယ်။ အပူချိန်ဟာလည်း ပုံမှန်ထက် သိသာစွာ မြင့်မားနေမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မိုးနှောင်းကာလနှင့် ဆောင်းရာသီအကူးအပြောင်းကာလမှာ ပုံမှန်ထက် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ခံစားရနိုင်ပြီး ဆောင်းအအေးဓာတ် လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။
အယ်လ်နီညို နှစ်တွေရဲ့ သဘောသဘာဝအရ ခြောက်သွေ့တဲ့ ဒေသတွေမှာ ပိုခြောက်သွေ့ပြီး မိုးရွာတဲ့ ဒေသတွေမှာ ရုတ်တရက် မိုးကြီးတာ၊ မိုးခေတ္တသည်းထန်တာတွေ ဖြစ်တတ်တာကြောင့် လျှပ်တပြက် ရေကြီးတာနှင့် မြေပြိုတဲ့ အန္တရာယ်တွေကို မိုးရာသီ မကုန်မချင်း ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။
မြို့တော် News Channel