DEMU လူစီးအမြန်ရထား တွဲဆိုင်းကို ခဲနဲ့ ပစ်ပေါက်သူ လယ်ဝေးမြို့နယ်က လူငယ် ၂ ဦး ဖမ်းဆီးခံရ
ဩဂုတ် ၁
မန္တလေး-ရန်ကုန် ခရီးစဉ်ပြေးဆွဲပေးနေရှိတဲ့ အမှတ်(၆) DEMU လူစီးအမြန် ရထားတွဲဆိုင်းကို ခဲနဲ့ ပေါက်ခဲ့တဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်က လူငယ် ၂ ဦးကို ဖမ်းဆီးရမိပြီး ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူနိုင်ဖို့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၆ မိနစ်ခန့်က အမှတ်(၆) အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားဟာ နေပြည်တော်အနီး ဧလာနှင့် သာဝတ္ထိ ဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြား အရောက်မှာ ရထားလမ်း အရှေ့ဘက်ခြမ်းမှ ခဲနဲ့ ပစ်ပေါက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ခဲနဲ့ ပစ်ပေါက်ခဲ့သူတွေဟာ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်ကင်းကျေးရွာနေ ဦးဝင်းဦးရဲ့ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ်ရှိ မောင်အောင်သက်ဦး၊ ဦးဝင်းကြိုင်ရဲ့ သားဖြစ်သူ အသက် ၁၄ နှစ် အရွယ်ရှိ မောင်ပြာသို တို့ဖြစ်တယ်လို့ သိရပါတယ်။
ခဲနဲ့ ပစ်ပေါက်ခံရမှုကြောင့် ရထားတွဲဆိုင်းပါ ပထမတန်းတွဲ အမှတ်(၄) နောက်ဆုံးတွဲရဲ့ ဝဲဘက်အပေါ်ခြမ်း ကိုယ်ထည်ကို ထိမှန်ခဲ့ပြီး ဆေးပွန်းထိခိုက်မှု ဖြစ်ပွားခဲ့ပေမဲ့ ခရီးသည်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာချိန် ၁၂ မိနစ်ခန့် ဖြစ်ပေါ်ခဲ့ပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့ကာ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူနိုင်ဖို့ လယ်ဝေးမြို့နယ်၊ ဧလာနယ်မြေ ရဲစခန်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီကျော်ကလည်း နေပြည်တော်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အမှတ် ၃၂ အစုန် DEMU ရထားဟာ သင်္ဃန်းကျွန်းနဲ့ မလွှကုန်း ဘူတာအကြား သုဝဏ္ဏကုန်းကျော်တံတားကို ဖြတ်သန်းနေစဉ် ရထားရဲ့ ညာဘက်ခြမ်းကို ခဲနဲ့ ပစ်ပေါက်တာ ခံရတာကြောင့် ခရီးသည် အတက်အဆင်း တံခါးရဲ့ အောက်ဘက်မှန် ကြေမွ အက်ကွဲသွားခဲ့တယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ အခန်း ၁၈၊ ပုဒ်မ ၇၉(ခ) အရ ရထားကို တစ်စုံတစ်ရာနဲ့ ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေနဲ့ ပုဒ်မ (၈၄) အရ အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိ မပိုတဲ့ ထောင်ဒဏ် ချမှတ်ရမယ့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၈ ရက်၊ ညနေ ၃ နာရီခန့်က ရန်ကုန် - မန္တလေး DEMU အမြန်ရထား ပထမတန်းအတွဲကို ကြွေပြားအကျိုးနဲ့ ပစ်ပေါက်ခဲ့တဲ့ ဖြူးမြို့နယ်နေသူ အသက် ၂၃ နှစ်အရွယ်ရှိ မောင်ထက်ဦးလွင် (ခ) ငထော်နီ ကို တောင်ငူမြို့ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၅ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
မြို့တော် News Channel