ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုကြောင့် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲပြန်စဖို့ ထရမ့် ကြိုးပမ်းလာနိုင်
နိုဝင်ဘာ ၆
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ ထိုးနှက်ချက်ခံခဲ့ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ လက်ကျန်သမ္မတသက်တမ်း ၂ နှစ်အတွင်း နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုရဖို့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်စဖို့ ကြိုးပမ်းလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
အထူးသဖြင့် ထရမ့်ဟာ ပထမသမ္မတသက်တမ်းအတွင်း ၃ ကြိမ်တိုင် တွေ့ဆုံခဲ့ဖူးတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ထိပ်သီးဆွေးနွေးပွဲ ပြန်လုပ်ဖို့ စိတ်ဝင်စားနေပါတယ်။
ဒါပေမဲ့ လက်ရှိမှာ ကင်ဂျုံအွန်ဘက်က ဆွေးနွေးပွဲပြန်လုပ်ဖို့ စိတ်ဝင်စားမှုနည်းနေပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အင်အားတွေကို တိုးချဲ့ထားသလို ရုရှားအပြင် တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေး ပိုမိုခိုင်မာလာတာကြောင့် အမေရိကန်နဲ့ ဆွေးနွေးဖို့ စိတ်ဝင်စားမှုနည်းနေတယ်လို့ ဆိုပါတယ်။
ကင်ဂျုံအွန်ကတော့ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ တောင်းဆိုမှုကို ရပ်တန့်မယ်ဆိုရင် ဆွေးနွေးဖို့ အသင့်ရှိကြောင်း အရင်က ပြောဆိုထားဖူးပါတယ်။ ဒါပေမဲ့ အဲဒီလို အလျှော့ပေးမှုမျိုးကို အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့က လက်ခံနိုင်ဖွယ် မရှိပါဘူးလို့ ဆိုပါတယ်။
ထရမ့်အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စကို ဘေးဖယ်ထားပြီး ဆွေးနွေးပွဲလုပ်မယ်ဆိုရင် အာရှဒေသရဲ့ လုံခြုံရေးအခြေအနေကို ပြောင်းလဲစေပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့အကြား သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သတိပေးထားပါတယ်။
ဒါ့အပြင် ထရမ့်ဟာ သမ္မတသက်တမ်းကုန်ခါနီး နိုင်ငံရေးသြဇာကျဆင်းလာတဲ့ အခြေအနေကို ရောက်နေပြီလို့ မြောက်ကိုရီးယားဘက်က ယူဆမယ်ဆိုရင် ကင်ဂျုံအွန်အနေနဲ့ ဆွေးနွေးပွဲပြန်လုပ်ဖို့ အကြောင်းမရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
ထရမ့်အတွက် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်စတာဟာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်မြင်မှုတခု ဖြစ်လာနိုင်ပေမဲ့ မြောက်ကိုရီးယားအတွက်ကတော့ လက်ရှိအခြေအနေမှာ ဆွေးနွေးပွဲပြန်လုပ်ဖို့ အကျိုးအမြတ်ရရှိမယ့်အချက် နည်းပါးနေပြီး ဆွေးနွေးပွဲဖြစ်လာခဲ့ရင်တောင် အကျိုးထက် အနုတ်လက္ခဏာဆောင်တဲ့ ရလဒ်တွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel